တရုတ်နိုင်ငံအတွက် ဆင်ဆာဖြတ် Search Engine မထုတ်ရန် Google ဝန်ထမ်းများ တောင်းဆို

Project Dragonfly အမည်နဲ့ တရုတ်နိုင်ငံအတွက် ဆင်ဆာဖြတ် Search Engine တခု လုပ်နေတာကို ရပ်ဆိုင်းပေးဖို့အတွက် Google ဝန်ထမ်းတွေက ကုမ္ပဏီကို တောင်းဆိုထားပါတယ်။

“ တရုတ်နိုင်ငံရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ စောင့်ကြည့်မှုတွေ အပေါ် Google တုံ့ပြန်ခဲ့ပုံ အပါအဝင် ကုမ္ပဏီရဲ့ ကျင့်ဝတ်တန်ဖိုးတွေကို ထည့်သွင်းစဉ်းစားပြီးမှ ကျနော်တို့အများစု အလုပ်လက်ခံခဲ့ကြတာပါ။ Google ဟာ အကျိုးအမြတ်ထက် ကျင့်ဝတ်တန်ဖိုးကို ဦးစားပေးမယ့် ကုမ္ပဏီလို့ နားလည်လက်ခံခဲ့ကြပါတယ်။” လို့ Medium မှာ တင်ထားတဲ့ Google ထံသို့ အိတ်ဖွင့်ပေးစာ (https://medium.com/@googlersagainstdragonfly/we-are-google-employees-google-must-drop-dragonfly-4c8a30c5e5eb) မှာ ရေးသားထားပါတယ်။

“ ဒါပေမယ့် Project Maven, Dragonfly နဲ့ အလွဲသုံးစားပြုလုပ်သူတွေကို Google ဘက်က အားပေးမှုတွေကို စိတ်ပျက်ဖွယ် မြင်တွေ့ပြီးမှာတော့ ဒါတွေကို အယုံအကြည် မရှိတော့ပါဘူး”

Project Dragonfly ကို လက်လျော့ဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာကို Google ဝန်ထမ်း ၁၁ ဦးရဲ့ လက်မှတ်နဲ့ စ, တင်ခဲ့တာဖြစ်ပြီး၊ အခုစာရေးသားချိန်မှာ ကုမ္ပဏီဝန်ထမ်း ၄၀၀ ကျော်က ပါဝင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။

Google ဟာ တရုတ်နိုင်ငံရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ မရိုးဖြောင့်တဲ့ Hacking လုပ်ရပ်တွေကြောင့် ၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံက ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ User ပမာဏ များပြားတဲ့ တရုတ်ဈေးကွက်ထဲကို တရုတ်အစိုးရ အလိုတော်ကျ ဆင်ဆာဖြတ် ရှာဖွေရေးအင်ဂျင်တခုနဲ့ ပြန်လာဖို့ စီစဉ်နေတာပါ။

Dragonfly လို့ အမည်ပေးထားတဲ့ ယခု ပရောဂျက်ကို ကုမ္ပဏီအတွင်း၊ အပြင်မှာပါ ဝေဖန်မှုတွေ ပြင်းထန်လျက် ရှိပါတယ်။ လူ့အခွင့်အရေးအသင်းအဖွဲ့တွေနဲ့ အမေရိကန် ဒုသမ္မတ Mike Pence အပါအဝင် နိုင်ငံရေးသမားတွေကလည်း ဝေဖန်ကန့်ကွက်လျက်ရှိသလို၊ ယခုနှစ်အစောပိုင်းတုန်းကလည်း Dragonfly ကို ကန့်ကွက်ကြောင်း Google ဝန်ထမ်းပေါင်း ၁၄၀၀ ကျော် ပါဝင်လက်မှတ် ရေးထိုးထားတဲ့ စာတစောင် ကုမ္ပဏီတွင်းမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

Google CEP Sundar Pichai ကတော့ တရုတ်အစိုးရနဲ့ ရှာဖွေရေးအင်ဂျင်တခု လုပ်နေတာဟာ “ကနဦးစမ်းသပ်အဆင့်” လောက်မှာပဲ ရှိသေးတယ်လို့ ဆိုထားပါတယ်။ Project Dragonfly ကနေ တရုတ်အတွက် ရှာဖွေရေးအင်ဂျင်တခု ထွက်လာဖို့ မရှိသေးဘူးလို့ ဆိုလိုတာပါ။

ဒါပေမယ့် ဆော့ဖ်ဝဲအင်ဂျင်နီယာ အများစု ပါဝင်ပြီး၊ ဝန်ထမ်း ၄၀၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာမှာတော့ Project Dragonfly ကို ရပ်ဆိုင်းဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ကို တောင်းဆိုထားပါတယ်။

“ တရုတ်ကြောင့် Dragonfly ကို ကန့်ကွက်တာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံ၊ ဘယ်နေရာမှာမဆို အားကြီးသူက အားနည်းကို ဖိနှိပ်မှု ပြုလုပ်နိုင်အောင် အားပေး၊ အထောက်အကူပြုတဲ့ နည်းပညာမှန်သမျှကို ကျနော်တို့ ကန့်ကွက်ပါတယ်” လို့ စာမှာ ရေးသားထားပါတယ်။

Ref: CNBC, The Verge, Medium

တရုတ်နိုင်ငံအတွက် ဆင်ဆာဖြတ် Search Engine ကို ရပ်ဆိုင်းရန် Google ဝန်ထမ်းများ တောင်းဆို

 

%d bloggers like this: