Huawei ရဲ့ Device များကို မသုံးစွဲဖို့ အမေရိကန် အစိုးရက မိတ်ဖက် နိုင်ငံများအား စည်းရုံးနေ

အမေရိကန်က သူ့နိုင်ငံထဲမှာ ဟွာဝေးရဲ့ အစိတ်အပိုင်းများ အသုံးပြုခြင်းအား တားမြစ်ပြီးနောက်မှာ အစိုးရ အရာရှိများအား Huawei နဲ့ ZTE Devices များ သုံးစွဲခြင်းအား ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စစ်အခြေစိုက်စခန်းများ အနားမှ ဆိုင်များမှာ ဟွာဝေး ထုတ်ကုန်များ ရောင်းချခြင်းကို တားမြစ်ခဲ့ပါတယ်။ အခုလည်း Huawei ရဲ့ Device များကို မသုံးစွဲဖို့ အမေရိကန် အစိုးရက မိတ်ဖက် နိုင်ငံများအား စည်းရုံးနေပါတယ်။

အဲဒီ သတင်းဟာ အမေရိကန် အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထွက်ပေါ်လာတာ ဖြစ်ပြီး အမေရိကန်က ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အခြား နိုင်ငံများအား စည်းရုံးနေတယ်လို့ သိရပါတယ်။ အမေရိကန် အပြင် သြစတြေးလျကလည်း လွန်ခဲ့တဲ့ လအနည်းငယ်က ဟွာဝေးရဲ့ အစိတ်အပိုင်းများကို နိုင်ငံတွင်းမှာ အသုံးပြုခွင့်အား ပိတ်ပင်ခဲ့ပါတယ်။ ဟွာဝေးဟာ သြစတြေးလျရဲ့ 5G ကွန်ယက်ကို တည်ဆောက်ပေးဖို့ အစောပိုင်းက လျာထားခဲ့တာ ဖြစ်ပါတယ်။

FBI ရဲ့ အကြီးအကဲ ဖြစ်သူ Christopher Wray က “ ဟွာဝေးရဲ့ တည်ထောင်သူ Ren Zhengfei ဟာ ယခင်က People’s Liberation Army မှာ အရာရှိဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် နည်းပညာ ကုမ္ပဏီ ဟွာဝေးက ကျွန်တော်တို့ကို အများကြီး ထိန်းချုပ်လာနိုင်ပါတယ်။ ကျွန်တော်တို့ မသိနိုင်တဲ့ နည်းလမ်းများဖြင့် ကျွန်တော်တို့ကို စုံစမ်းထောက်လှမ်းနေနိုင်ပါတယ်။ “ လို့ ပြောခဲ့ဖူးပါတယ်။

ဟွာဝေးက တရုတ် အစိုးရနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောထားပေမယ့် အမေရိကန် လွှတ်တော်အမတ်တစ်ဦးက ဟွာဝေးဟာ တရုတ် အစိုးရရဲ့ လက်တံတစ်ခုဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ လက်ရှိမှာ တရုတ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ဆိုက်ဘာ လုံခြုံရေးအတွက် အမေရိကန်က ယခုလို ပိတ်ပင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Ref : gsmarena

Huawei ရဲ့ Device များကို မသုံးစွဲဖို့ အမေရိကန် အစိုးရက မိတ်ဖက် နိုင်ငံများအား စည်းရုံးနေ

%d bloggers like this: