စားပွဲထိုး စက်ရုပ်များ ရှိတဲ့ နီပေါမှ စားသောက်ဆိုင်

နီပေါရဲ့ စက်ရုပ် ကုမ္ပဏီ Paaila Technology က Ginger အမည်ရ စားပွဲထိုး စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ သူဟာ အရပ် ၅ ပေရှိပြီး လူတူ စက်ရုပ် ဖြစ်ပါတယ်။ စားသောက်ဆိုင်များမှာ မီးဖိုချောင်ကနေ စားသုံးသူထံသို့ အစားအစာများ ယူဆောင်ပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ သူ့မှာ ပတ်ဝန်းကျင်ကို အာရုံခံနိုင်ဖို့ ဆန်ဆာများ ထည့်သွင်းထားပါတယ်။ ဆန်ဆာများရဲ့ အကူအညီနဲ့ သူဟာ စားသောက်ဆိုင်ထဲမှာ သွားလာနိုင်တာပါ။

သူဟာ အားကုန်ခါနီးရင် အားသွင်းဧရိယာကို အလိုလို လာနိုင်ပါတယ်။ စားသောက်ဆိုင်ရဲ့ စားပွဲများမှာ တပ်ဆင်ထားတဲ့ Touchscreen Computer များကနေ စားသုံးသူများက စားစရာများ မှာယူရမှာပါ။ Ginger က စားသုံးသူများနဲ့ စကားပြောနိုင်ပါတယ်။ သူက အင်္ဂလိပ်နဲ့ နီပေါ ဘာသာစကားများကို နားလည်ပါတယ်။

Paaila Technology ကို နီပေါ ၊ Dharan မှ Institute of Engineering ကနေ ဘွဲ့ရထားတဲ့ အင်ဂျင်နီယာများက တည်ထောင်ထားတာပါ။ Ginger ဟာ ကုမ္ပဏီရဲ့ စွမ်းရည်ပြည့် စက်ရုပ် ဖြစ်ပါတယ်။ နီပေါရဲ့ မြို့တော်ကြီး ခတ္တမန္ဒုမှ Naulo စားသောက်ဆိုင်မှာ အဲဒီ စားပွဲထိုး စက်ရုပ် သုံးကောင်ကို ထားရှိထားပါတယ်။ စားသောက်ဆိုင်ကို လွန်ခဲ့တဲ့ လအနည်းငယ်က ဖွင့်လှစ်ခဲ့ပြီး စက်ရုပ်များဟာ စားသုံးသူများကို စွဲဆောင်နိုင်တယ်လို့ သိရပါတယ်။

တီထွင်တဲ့ ကုမ္ပဏီက “ အဲဒီ စက်ရုပ်ကို စားသောက်ဆိုင်များစွာမှာ ထားရှိဖို့ စီစဉ်နေပါတယ်။ ကမ္ဘာအဝန်းကို တိုးချဲ့ဖို့လည်း မျက်စိကျနေပါတယ်။ လုပ်ငန်းများစွာက စုံစမ်းမှုများစွာလည်း ရနေပါတယ်။ နိုင်ငံခြား တိုင်းပြည်များသို့ မပို့ဆောင်ခင်မှာ စမ်းသပ်မှုတွေ ပိုလုပ်ရဦးမှာပါ။ အမြောက်အများ ထုတ်လုပ်ဖို့ ငွေလည်း လိုပါဦးမယ်။ “ လို့ ပြောပါတယ်။

Ref : digitaltrends

စားပွဲထိုး စက်ရုပ်များ ရှိတဲ့ နီပေါမှ စားသောက်ဆိုင်

%d bloggers like this: