Huawei Mate 20 Series မှာ အကြွေဆုံး Features များ

Mate 20 Series ကို တရားဝင် မိတ်မဆက်ခင်တုန်းက Huawei က ဒီဖုန်းတွေမှာ “တကယ့် Upgrades” ဆိုတာ ဘာလဲပြမယ်လို့ အရင်ကြွေးကြော်ခဲ့တာကို အားလုံး မှတ်မိကြမယ်ထင်ပါတယ်။ အမှန်အတိုင်းပြောရရင် Huawei က အဲ့လို ပေါ်တင်ပြောပေမယ့် သိပ်စိတ်မလှုပ်ရှားမိခဲ့ဘူးပါဘူး။ စမတ်ဖုန်းကုမ္ပဏီတော်တော်များများက ဒီလိုမျိုးတွေ ကြွေးကြော်နေကြဆိုတော့ ထုံသွားတာလည်း ပါမှာပါ။

ဒါပေမယ့် အောက်တိုဘာလ ၁၆ ရက်နေ့၊ Mate 20 Series မိတ်ဆက်ပွဲအပြီးမှာတော့ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ပါတယ်။ ဆန်းသစ်တီထွင်မှုတွေ နည်းပါးနေတဲ့ ၂၀၁၈ ခုနှစ်မှာ Mate 20 Series ဟာ ကျေနပ်လောက်စရာ ဆန်းသစ်ပြောင်းလဲမှုတွေကို လုပ်ပေးသွားခဲ့ပါတယ်။ Mate 20 Pro ဖုန်းကို စမ်းသပ်အသုံးပြုခွင့်ရခဲ့တဲ့အခါမှာတော့ ပိုလို့တောင် သဘောကျသွားမိပါတယ်။ ကျနော် နှစ်သက်မိတဲ့ Mate 20 Series ရဲ့ Features တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Mate 20 ၊ Mate 20 Pro ၊ Mate 20 X ၊ Mate 20 RS Porsche Design ဆိုပြီး လေးမျိုး မိတ်ဆက်ခဲ့တဲ့အထဲမှာ အဓိက ကွာခြားချက်ရှိသွားတာက Mate 20 နဲ့ Mate 20 Pro ဖုန်းနှစ်မျိုးဆိုတော့ သူတို့နှစ်လုံးအကြောင်းပဲ အဓိက ထားပြောသွားပါမယ်။ ပြီးတော့ Mate 20 နဲ့ Mate 20 Pro ကို ပြည်တွင်းဈေးကွက်မှာလည်း ဝယ်လို့ရပြီဆိုတော့ ဝယ်မယ့်လူတွေ၊ လေ့လာချင်တဲ့လူတွေ အားလုံးအတွက် အထောက်အကူဖြစ်စေမှာပါ။

၁။ ဆန်းသစ်လှပတဲ့ ဒီဇိုင်း

လုပ်ဆောင်ချက်တွေ မပြောခင်မှာ Mate 20 Series မှာ သဘောအကျဆုံးအချက်ကို ပြောပါဆိုရင် ဒီဇိုင်းပါ။ မြင်လိုက်တာနဲ့ကို အရည်အသွေးမြင့်၊ တန်ဖိုးကြီးဖုန်းတလုံးဆိုတာ ပေါ်လွင်ပါတယ်။ Huawei Mate 20 Pro ရဲ့ ပြောင်လက်တောက်ပနေတဲ့ နောက်မှန်သားက ဆွဲဆောင်မှုအပြည့်ရှိပြီး၊ Emerald Green နဲ့ Midnight Blue မော်ဒယ်တွေမှာ Hyper Optical Patterns လို့ နာမည်ပေးထားတဲ့ အစင်းလိုင်းလေးတွေ လုပ်ပေးထားတာက တမူထူးခြားမှုရှိစေပါတယ်။ အလင်းရောင်ထဲမှာဆို တံလျှပ်လို ဝင်းလက်တောက်ပနေတာက တော်တော်ကြည့်ကောင်းပါတယ်။

အရောင်အသွေးရောယှက်ထားတဲ့ Twilight ကာလာကလည်း တမျိုးဆွဲဆောင်မှုကောင်းသလို အနက်ရောင်တမျိုးတည်း ကြိုက်သူတွေအတွက် Black ကလည်း အဆင်သင့်ပါပဲ။ ဖန်သားဆိုပေမယ့် Mate 20 မှာ ကိုယ်ထည်အစွန်း ၈ ဖက် စလုံးကို ကွေးညွတ်ထားတာကြောင့် လက်ထဲမှာ မြဲမြဲကိုင်နိုင်ပြီး၊ လက်တဖက်တည်းနဲ့ကို အဆင်ပြေပြေ သုံးနိုင်ပါတယ်။ Mate 20 Pro မှာဆို ရှေ့ဘက် 3D Glass က ဖုန်းဒီဇိုင်းနဲ့ ဟာမိုနီတကျ ကွေးညွတ်ထားတာက အနုပညာလက်ရာမြောက်ပါတယ်။

ကင်မရာကို တခြားဖုန်းတော်တော်များများလို ဘေးထောင့်၊ အပေါ်ထောင့်တွေမှာ မထားဘဲ အလယ်မှာ Flash မီးနဲ့အတူ သေသပ်စွာ ထားရှိထားတဲ့ Matrix Camera System ကလည်း ဆွဲဆောင်မှုတခုပါ။ တစောင်းတွေ အလျားလိုက်တွေထက်စာရင် ဖုန်းအနောက် ကိုယ်ထည် ဒီဇိုင်းအင်္ဂါနဲ့ ပိုညီညွတ်သွားပါတယ်။

Mate 20 မှာ Dewdrop လို့ ခေါ်တဲ့ နှင်းစက်ပုံ Notch လေးနဲ့ ဖြစ်ပြီး၊ Mate 20 Pro မှာတော့ 3D Face Unlock အတွက် သီးသန့်ကင်မရာစနစ်ပါတဲ့ လေးထောင့်ပုံစံ Notch နဲ့ ဖြစ်ပါတယ်။ ဘောင်တွေက သတိမပြုမိလောက်အောင် သေးငယ်တဲ့အတွက် စခရင်အပြည့်အရသာကို ပိုမိုနစ်မျောခံစားနိုင်မှာပါ။ ဒီဇိုင်းနဲ့ ပစ္စည်းအရည်အသွေးကတော့ ရှယ်ပါပဲ။

၂။ In-Screen Fingerprint

၂၀၁၈ ရဲ့ ခေတ်အစားဆုံး နည်းပညာတခုကို Mate 20 Pro မှာ အသုံးပြုနိုင်မှာပါ။ လက်ဗွေရာဆန်ဆာက ဖုန်းအရှေ့ဘက်မှာကော အနောက်ဘက်မှာပါ မဟုတ်တော့ဘဲ စခရင်ထဲကို ရောက်သွားပါတယ်။ Dynamic Pressure Sensing နည်းပညာနဲ့ ဖြစ်တာကြောင့် စခရင်ကို လက်ချောင်းလေး ထိလိုက်ရုံနဲ့ ချက်ချင်း Unlock လုပ်ပေးနိုင်ပါတယ်။ အလားတူစနစ်တွေထဲမှာ လက်ရှိအမြန်ဆုံးစနစ်လို့ Huawei က ဆိုထားတဲ့အတိုင်းကို မြန်ပါတယ်။

၃။ 3D Depth Sensing Camera

ဒါကလည်း Mate 20 Pro မှာပဲ ပါဝင်တဲ့ စနစ်ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ မျက်နှာကို အစက်ပေါင်း ၃ သောင်းကျော် ထိုးကာ၊ 3D မျက်နှာပုံစံ ဖော်ပြီး၊ Register လုပ်ထားတဲ့ ပိုင်ရှင်မျက်နှာနဲ့ တိုက်စစ်ပေးတဲ့ လုံခြုံရေးစနစ်တခု ဖြစ်ပါတယ်။ 3D Depth Sensing Camera စနစ်ကို ဒီနေရာမှာတင် မဟုတ်ဘဲ AI အတွက်လည်း အသုံးချနိုင်အောင် လုပ်ပေးထားပါသေးတယ်။ ရှေ့ကင်မရာနဲ့တင် အပြင်ဘက်အရာဝတ္ထုကို 3D စကင်ဖတ်ပြီး၊ ဖုန်းထဲမှာ အသက်ဝင်အောင် လုပ်နိုင်တာပါ။ 3D Live Emojis တွေ ဖန်တီးတာအပြင် နောက်ထပ် နယ်ပယ်အမျိုးမျိုးမှာလည်း အသုံးချနိုင်မယ့် 3D ကင်မရာစနစ် ဖြစ်ပါတယ်။ အခုဆို AR နည်းပညာကလည်း Android မှာ တော်တော်တွင်ကျယ်လာပြီဆိုတော့ အဆင်သင့်ပါပဲ။

၄။ ဘက်စုံအားသွင်းနိုင်ခြင်းနဲ့ REVERSE WIRELESS CHARGE

Mate 20 Pro မှာ 40W အား SuperCharge အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။ မိနစ် ၃၀ အတွင်းမှာ ဘက်ထရီအား ၇၀ ရာခိုင်နှုန်းအထိကို အမြန်သွင်းနိုင်တာက အားရကျေနပ်စရာပါ။ ဘက်ထရီကလည်း AI Optimization တွေနဲ့ဆိုတော့ တော်တော်လေး အသုံးခံတဲ့အပြင်၊ Fast Charging ကလည်း အားတက်တာ “ဝှစ် ဝှစ်” ဖြစ်နေတော့ ဖုန်းအားကုန်တယ်ဆိုတာ စကားအဖြစ်နဲ့ပဲ ကြားဖူးတော့မှာပါ။

ဒါတင်မကသေးပါဘူး။ Mate 20 Pro မှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပါတယ်။ ဒါ့အပြင် ဒီကြိုးမဲ့စနစ်ကလည်း 15W Fast Charge ပဲ ဆိုတော့ ပိုမိုက်သွားပါတယ်။ ဒီထက်မိုက်ချင်သေးလား။ Mate 20 Pro ရဲ့ ဘက်ထရီအားကို ကြိုးမဲ့အားသွင်းစနစ်ရတဲ့ တခြားဖုန်းတလုံးဆီကိုပါ ဖုန်းနှစ်လုံး ပူးကပ်ပြီး ကြိုးမဲ့အားလွှဲပေးနိုင်ပါသေးတယ်။ Wireless Reverse Charge လို့ အမည်တွင်ပြီး၊ ဘယ်ဖုန်းမှာမှ မတွေ့ရသေးတဲ့ ကမ္ဘာ့ပထမဆုံး နည်းပညာ ဖြစ်ပါတယ်။ ဘက်ထရီအားကို ကြိုးမဲ့လွှဲလို့ရရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့ဖူးတာတွေ တကယ်ဖြစ်လာတာမြင်ရတာ စိတ်ချမ်းသာဖို့ ကောင်းပါတယ်။

၅။ AI-Painting Photography

Dual NPU ပါတဲ့ Kirin 980 Chipset ရဲ့ AI လုပ်ဆောင်ချက်တွေကို Mate 20 ဖုန်းတွေမှာ အလျှံပယ် တွေ့ရမှာပါ။ အထူးသဖြင့် Mate 20 ရဲ့ Leica Triple Camera အသစ်မှာ ပိုအားဖြည့်ပေးထားပါတယ်။ AI-Painting က ဘာလဲဆိုတော့ Scene Recognition ပါ။ တခြား Scene Recognition တွေက ဓာတ်ပုံတပုံလုံးကို ခြုံငုံပြီး Scene ခွဲခြားပေးပေမယ့်၊ Mate 20 ဖုန်းတွေရဲ့ ကင်မရာက ဓာတ်ပုံတပုံက Scenes အမျိုးမျိုးနဲ့ Objects အမျိုးမျိုးကို ပိုင်းခြားပြီး Brightness ၊ Contrast နဲ့ Colors တွေ အလိုလိုချိန်ပေးနိုင်ပါတယ်။

၆။ AI Portrait Color Mode

ဓာတ်ပုံတွေတင်မက ဗီဒီယိုမှာလည်း AI ကို ကောင်းကောင်းသုံးပေးထားပါတယ်။ AI Portrait Color က ဗီဒီယိုရိုက်တဲ့အခါမှာ လူကိုပဲ ကာလာချန်ထားပြီး နောက်ခံကို အဖြူအမည်းပြောင်းပေးနိုင်တာကြောင့် ကိုယ်အိုင်ဒီယာရှိသလောက် အနုပညာဆန်တဲ့ဗီဒီယိုတွေ ရိုက်ကူးဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၇။ Hi Touch

Android 9 Pie အခြေခံ EMUI 9 ရဲ့ Hi Touch လုပ်ဆောင်ချက်ကလည်း အသုံးဝင်တဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။ စခရင်မှာ ပေါ်နေတာကို လက်နှစ်ချောင်းနဲ့ Tap ဖိလိုက်ရင် AI က ဘာ Object ပစ္စည်းလဲဆိုတာ ဖတ်ပေးပြီး၊ အဲဒီပစ္စည်းဝယ်လို့ရမယ့် Amazon Assistant e-commerce app ကို ဖွင့်ပေးပါလိမ့်မယ်။

၈။ Nano Memory Card

Mate 20 Series နဲ့အတူ Huawei ရဲ့ နောက်ထပ်ဆန်းသစ်မှု တခုပါ။ microSD ကတ်တွေထက် ၄၅ ရာခိုင်နှုန်းသေးပြီး၊ Nano SIM ကတ် အကန့်မှာတင် ထည့်နိုင်မယ့် မမ်မိုရီကတ်ဖြစ်ပါတယ်။ ဒါကလည်း ကမ္ဘာ့ပထမဆုံး NM Card ပါ။ ကမ္ဘာ့ပထမဆုံးဖြစ်တဲ့အတွက် မမ်မိုရီကတ် ဝယ်လို့မှရပါ့မလားလို့ တွေးပူမိခဲ့ပါသေးတယ်။ ဒါပေမယ့် Huawei က Mate 20 နဲ့ Mate 20 Pro ဖုန်းတွေ ဝယ်တဲ့အခါ 128GB NM Card ကိုပါ တခါတည်းထည့်ပေးသွားမှာဆိုတော့ ပူစရာမလိုတော့ပါဘူး။ ဒေတာ အကူးအပြောင်း မြန်နှုန်းမြင့်တဲ့ ကတ်တွေ ဖြစ်ပါတယ်။

၉။ ရေစိုခံနိုင်စွမ်းရည်

Flagship ဖုန်းတလုံးမှာ ရေစိုခံနိုင်စွမ်းရည်ကလည်း အဓိကဖြစ်ပါတယ်။ Huawei Mate 20 Pro မှာ ရေနဲ့ ဖုန်မှုန့် လုံခြုံမှုအဆင့် အမြင့်ဆုံး IP 68 ရထားတာကြောင့် မိုးရွာထဲမှာလည်း စိတ်ချလက်ချ ဖုန်းထုတ်ရိုက်နိုင်ပါတယ်။

၁၀။ 2.5cm Macro Camera

Mate 20 Pro မှာ Wide-angels နဲ့ Telephotos ရိုက်ဖို့ အကောင်းဆုံးလုပ်ပေးထားသလို၊ စမတ်ဖုန်းကင်မရာနဲ့ ရိုက်ဖို့ခဲယဉ်းတဲ့ Macro Shots တွေကိုလည်း 2.5cm ကနေပါ ကပ်ရိုက်နိုင်အောင် Leica Ultra Wide Angel Lens (16mm) နဲ့ စွမ်းဆောင်ပေးထားပါတယ်။

Huawei Mate 20 Series မှာ အကြွေဆုံး Features များ

%d bloggers like this: