In-display Fingerprint Sensor နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ OnePlus 6T

၂၀၁၆ ခုနှစ်ကစပြီး၊ တနှစ်ကို စမတ်ဖုန်းမော်ဒယ် ၂ မျိုး မှန်မှန်ထုတ်နေတဲ့ OnePlus ဟာ ၂၀၁၈ ခုနှစ်ရဲ့ ဒုတိယမြောက်စမတ်ဖုန်း OnePlus 6T ကို မနေ့ညက New York မြို့မှာ မိတ်ဆက်သွားခဲ့ပါတယ်။ OnePlus ဖုန်းတွေရဲ့ ထုံးစံအတိုင်း အမြင့်ဆုံး Specifications နဲ့ အမြန်ဆန်ဆုံး Flagship Android ဖုန်းတလုံးကို သက်သာတဲ့ဈေးနဲ့ ကမ်းလှမ်းထားတဲ့ ဖုန်းတလုံးလို့ ဆိုနိုင်ပါတယ်။

ကြိုတင်သတင်းပေါက်ကြားထားတဲ့အတိုင်း သေးငယ်တဲ့ V ပုံစံ Notch ၊ မျက်နှာပြင်အောက်လက်ဗွေရာဖတ်စနစ်တို့နဲ့ ထွက်ရှိလာတာဖြစ်ပြီး၊ 3.5mm Audio Jack လည်း မပါဝင်လာတော့ပါဘူး။ ဒီအတွက် USB-C to 3.mm Adapter ကို ဖုန်းဝယ်ရင် ဘူးထဲ တခါတည်းထည့်ပေးလိုက်မှာဖြစ်ပြီး၊ တန်ဖိုးသင့်တဲ့ ဒေါ်လာ ၂၀ တန် USB-C Bullets နားကြပ်တွေကိုလည်း 6T အတွက် ရည်ရွယ်ရောင်းချပေးသွားဦးမှာဖြစ်ပါတယ်။

OnePlus 6T ဟာ ပွဲမှာ ပြောသွားချက်တွေအရဆိုရင် နယ်ပယ်တော်တော်များများမှာ ပထမဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေ ယူထားတဲ့ဖုန်း ဖြစ်ပါတယ်။ အရမ်းထူးခြားတာတွေတော့မဟုတ်ပါဘူး။ U.S မှာ ရောင်းမယ့် ပထမဆုံး In-display Fingerprint Sensor ပါ ဖုန်း၊ Verizon သုံးနိုင်မယ့် ပထမဆုံး OnePlus ဖုန်း၊ T-Mobile က တာဝန်ယူရောင်းချပေးမယ့် ပထမဆုံး OnePlus ဖုန်း၊ နားကြပ်ပေါက်ပျောက် ပထမဆုံး OnePlus ဖုန်း စသဖြင့်ပါ။

OnePlus 6T ဟာ မျက်နှာပြင်အရွယ်အစား ၆.၄ လက်မရှိပြီး၊ ၆.၂၈ လက်မ Display နဲ့ OnePlus 6 ထက် Display ပိုကြီးလာပါတယ်။ Notch ကလည်း သေးသွားသလို၊ ဖုန်းအောက်ဘက်ဘောင်တွေကလည်း ကျဉ်းသွားတာကြောင့် စခရင်အပြည့် ပိုပေါ်လွင်မှာပါ။ Display ကြီးသွားသလို ဘက်ထရီလည်း လိုက်ကြီးလာပြီး၊ 3,700mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ 19.5:9 Aspect Ratio သုံး 1080×2340 pixels Optic AMOLED Display က အရင်မော်ဒယ်ထက် နည်းနည်းလေး ပိုရှည်သလို ခံစားရမှာပါ။

OnePlus 6T မှာ In-Display Fingerprint Sensor ကို စတင်အသုံးပြုလာပြီး၊ အလားတူစနစ်တွေထဲမှာ (လက်ရှိ) အမြန်ဆုံးစနစ်ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ Display အတွက် နောက်ဆုံးထုတ် Gorilla Glass 6 ကို အသုံးပြုပေးထားပြီး၊ အလူမီနမ်ဖရိန်၊ ဖန်သားကိုယ်ထည်တို့နဲ့ ဖြစ်ပါတယ်။ ပြောင်လက်တောက်ပတဲ့ Mirror Black အရောင်ရယ်၊ နည်းနည်းမွဲခြောက်ခြောက်ဖြစ်တဲ့ matte finish Midnight Black အရောင်ရယ်ဆိုပြီး နှစ်မျိုးပဲ စထုတ်သွားဦးမှာပါ။

Qualcomm Snapdragon 845 SoC ၊ 6GB RAM နဲ့ 8GB RAM မော်ဒယ်နှစ်မျိုးထုတ်သွားမှာဖြစ်ပြီး၊ 8GB RAM ကို 128GB နဲ့ 256GB Storage ဆိုပြီး နောက်ထပ် ၂ မျိုး ထပ်ရွေးနိုင်ပါတယ်။ 6GB RAM မော်ဒယ်ကတော့ 128GB နဲ့ပဲ လာမှာပါ။ အနိမ့်ဆုံးမော်ဒယ်ကို ၅၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဆိုတော့ အားလုံးခန့်မှန်းထားတာထက်တောင် ပိုနည်းနေသေးပါတယ်။ T-Mobile သုံးတဲ့လူတွေဆို သတ်မှတ်ထားတဲ့ ဖုန်းအမျိုး ၃၀ ထဲက တလုံးလုံးနဲ့ Trade-in လဲပြီး၊ 6T အတွက် ဒေါ်လာ ၃၀၀ လျော့ဈေး ယူနိုင်ပါသေးတယ်။

အရင် OnePlus ဖုန်းတွေရဲ့ အားနည်းချက်တခုလို့ ဆိုရမယ့် Low-light Photography အပိုင်းကို 6T မှာ ဖြေရှင်းနိုင်ဖို့ ကြိုးစားထားတာတွေ့ရပါတယ်။ ဒီအတွက် Noise နည်းနည်းနဲ့ တောက်ပကောင်းမွန်တဲ့ ညဘက်ဓာတ်ပုံတွေ ရိုက်ကူးပေးမယ့် Nightscape ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ ကျောကင်မရာက OIS ပါ 16MP, f/1.7 + 20MO, f/.17 ကင်မရာဆန်ဆာနှစ်လုံးတွဲ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 16MP, f/2.0 တလုံးတည်းပါ။

OnePlus 6T ဟာ နောက်ဆုံး Android version “Android 9 Pie” ကို OxygenOS နဲ့ ထွက်လာမှာဖြစ်ပြီး၊ တခြား Flagship ဖုန်းတွေထက် ပိုမိုမြန်ဆန်ချောမွေ့စေဖို့အတွက် ဆော့ဖ်ဝဲပိုင်း မွမ်းမံမှုတွေ လုပ်ပေးထားတယ်လို့ သိရပါတယ်။ Android Pie ရဲ့ Gesture စနစ်တွေကို ကောင်းကောင်းအသုံးချနိုင်မှာဖြစ်သလို၊ OnePlus ရဲ့ ကိုယ်ပိုင် Gesture စနစ်လည်း ပါလာပါတယ်။ Gesture မသုံးချင်သူတွေအနေနဲ့ အရင်လို ခလုတ်သုံးခုပြန်ဖော်ပြီးလည်း သုံးနိုင်ဦးမှာပါ။ Game Mode နဲ့ တခြား Features လေးတွေကိုလည်း သုံးရပိုအဆင်ပြေအောင် Upgrade လုပ်ပေးထားပါတယ်။

မြောက်အမေရိကမှာ နိုဝင်ဘာ ၁ ရက်နေ့ စရောင်းမှာဖြစ်ကာ၊ ဥရောပမှာတော့ နိုဝင်ဘာ ၆ ရက်နေ့ စရောင်းမှာ ဖြစ်ပါတယ်။

Ref: Engadget, GSM Arena, The Verge, OnePlus

In-display Fingerprint Sensor နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ OnePlus 6T

%d bloggers like this: