မောင်းသူမဲ့သဘောၤတွေ ထုတ်လုပ်ဖို့အတွက် Intel နဲ့ Rolls-Royce တို့ ပူးပေါင်း

Rolls-Royce ဟာ Intel နဲ့ ပူးပေါင်းပြီး မောင်းသူမဲ့သဘောၤတွေကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ယနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စက်မှုကုမ္ပဏီလုပ်ငန်းစုဖြစ်တဲ့ Rolls-Royce ဟာ မောင်းသူမဲ့သဘောၤနည်းပညာကို ၂၀၁၀ ခုနှစ်လောက်ကတည်းက စတင်အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ပထမဦးဆုံး မောင်းသူမဲ့သဘောၤကို ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်းကိုလည်း ယမန်နှစ်က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

ယနေ့မှာတော့ မောင်းသူမဲ့ ပင်လယ်ဖြတ်ကုန်တင်သဘောၤတွေအတွက် ကမ္ဘာသုံးစနစ်တခုကို ဖန်တီးရာမှာ Intel ရဲ့ Hardware တွေကို သုံးသွားမယ်ဆိုတဲ့အကြောင်း ကြေညာလိုက်တာပါ။

“ Rolls-Royce ရဲ့ သဘောၤနည်းပညာစနစ်တွေကို ပေးစွမ်းဖို့အတွက် တွက်ချက်မှု Processing စွမ်းရည်၊ ဒေတာအရွှေ့အပြောင်းနဲ့ အလွန်များပြားတဲ့ ဒေတာပမာဏသိမ်းဆည်းနိုင်မှုတွေ လိုအပ်ပါတယ်။ ဒီနေရာမှာ Intel က ပါဝင်လာတာပါ”

လို့ Intel Xeon Processors တွေနဲ့ ဒေတာစင်တာတွေရဲ့ မားကတ်တင်းဆိုင်ရာ Vice President ဖြစ်သူ Lisa Spelman က ဆိုပါတယ်။

“သဘောၤလုပ်ငန်းမှာ တီထွင်ဆန်းသစ်မှုတွေကို အဓိကလုပ်ဆောင်ပေးနေတဲ့ Rolls-Royce နဲ့ အတူ ပူးပေါင်းပြီး၊ တကမ္ဘာလုံးအတွက် လုံခြုံစိတ်ချမှုရှိတဲ့ သဘောၤလုပ်ငန်းဆိုင်ရာ အခြေခံအုတ်မြစ်တခုကို ကျနော်တို့အတူ ဖန်တီးနေပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

တကမ္ဘာလုံးက ကုန်စည်ပစ္စည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိကို ကုန်တင်သဘောၤကြီးတွေနဲ့ပဲ သယ်ယူပို့ဆောင်နေတာဖြစ်ပြီး၊ အဆိုပါသဘောၤတွေကို မောင်းသူမဲ့စနစ် ဒါမှမဟုတ် တချို့အခြေအနေတွေမှာ အဝေးထိန်းစနစ်ကို ပြောင်းနိုင်မယ်ဆိုရင် လုံခြုံရေးပိုင်း သိသိသာသာတိုးတက်မှုရှိလာနိုင်မယ်လို့ Rolls-Royce က ယုံကြည်ထားပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကြီးဆုံးကုန်စည်ပို့ဆောင်မှုနယ်ပယ်ကို တီထွင်ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာ Rolls-Royce ကုမ္ပဏီတခုတည်းတော့ မဟုတ်ပါဘူး။

Kongsberg နဲ့ Yara ကုမ္ပဏီတို့ကလည်း အတူလက်တွဲပြီး မောင်းသူမဲ့သဘောၤတွေ ထုတ်လုပ်ဖို့ ကြိုးစားနေသလို၊ Japanese Consortium လုပ်ငန်းစုကလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒါပေမယ့် မောင်းသူမဲ့စနစ်တခုဖော်ဆောင်ရာမှာ အကြီးမားဆုံးအခက်အခဲတခုကတော့ သဘောၤတစီးရဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်တခုအတွက် လိုအပ်တဲ့ အလွန်များပြားတဲ့ ဒေတာပမာဏကို သိမ်းဆည်း၊ တွက်ချက်လုပ်ဆောင်နိုင်မယ့် Hardware စနစ်မျိုး လုပ်နိုင်ဖို့ဖြစ်ပါတယ်။

အမြင်အာရုံခံ၊ တည်နေရာနဲ့ အကွာအဝေးအာရုံခံ ဆန်ဆာစနစ်တွေအပြင်၊ ရုပ်ထွက်မြင့်မားတဲ့ ကင်မရာစနစ်တွေက ထုတ်ပေးမယ့် ဒေတာကို သဘောၤပေါ်မှာတင် အချိန်နဲ့ တပြေးညီ Processing လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ Rolls-Royce ကတော့ သဘောၤတစီးဟာ တနေ့ကို ဒေတာပမာဏ 1TB လောက် ထုတ်ယူ၊ အသုံးပြုမယ်လို့ ခန့်မှန်းထားပါတယ်။

များပြားတဲ့ဒေတာတွေကို တွက်ချက်လုပ်ဆောင်ဖို့အတွက် Rolls-Royce ဟာ Intel ရဲ့ Xeon Scalable Processors တွေကို သဘောၤပေါ်မှာနဲ့ အထူးဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့ဒေတာစင်တာတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ သဘောၤပေါ်ကဒေတာတွေကို သိမ်းဆည်းဖို့ကိုလည်း Intel ရဲ့ 3D NAND SSDs တွေကို အသုံးပြုနေပြီဖြစ်ပါတယ်။

“ Intel နဲ့ အခုသဘောတူညီချက်လက်မှတ်ရေးထိုးလိုက်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ ရှေ့ဆက်ပြီးလည်း ကုမ္ပဏီနှစ်ခုလက်တွဲပြီး စိတ်လှုပ်ရှားစရာ နည်းပညာအသစ်တွေနဲ့ Products အသစ်တွေကို အတူတကွ ဖန်တီးသွားမှာပါ။ မောင်းသူမဲ့သဘောၤတွေကို လုံခြုံစိတ်ချစွာ လည်ပတ်မောင်းနှင်နိုင်ဖို့ရာမှာ အရေးကြီးအခန်းကဏ္ဍကနေ ပါဝင်မယ့် နည်းပညာတွေ ဖြစ်လာပါလိမ့်မယ်” လို့ Rolls-Royce ရဲ့ Ship Intelligence ၊ စက်မှုနဲ့ သိပ္ပံရေးရာဌာန ဒါရိုက်တာဖြစ်သူ Kevin Daffey က ပြောကြားခဲ့ပါတယ်။

“ အခုပူးပေါင်းမှုဟာ သဘောၤပိုင်ရှင်တွေအတွက် အလိုအလျောက်လမ်းကြောင်းပြ၊ မောင်းနှင်မှုနည်းပညာတွေကို ပေးစွမ်းနိုင်စေမှာပါ။ လူသားကြောင့် အမှားအယွင်းဖြစ်နိုင်ချေလည်း လျော့ကျသွားမှာဖြစ်ပြီး၊ သဘောၤဝန်ထမ်းတွေနဲ့ ပိုအရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။”

Rolls-Royce ဟာ လက်ရှိမှာလည်း တစိတ်တပိုင်းမောင်းသူမဲ့နည်းပညာတွေကို သဘောၤတွေမှာ စတင်တပ်ဆင်ပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကိုပင်ဟေဂင် ရေပိုင်နက်အပြင်မှာ အဝေးထိန်း သဘောၤတစီးကို လက်တွေ့မောင်းနှင်ပြနိုင်ခဲ့ပါသေးတယ်။

Ref: Venture Beat

မောင်းသူမဲ့သဘောၤတွေ ထုတ်လုပ်ဖို့အတွက် Intel နဲ့ Rolls-Royce တို့ ပူးပေါင်း

%d bloggers like this: