မောင်းသူမဲ့ကားတွေကို ဖုန်းဂိမ်းဆော့နေရသလို ထိန်းချုပ်နိုင်မယ့် Ford နည်းပညာ

အလျင်အမြန်တိုးတက်ပြောင်းလဲလာတဲ့ မောင်းသူမဲ့ကားနည်းပညာကို အခုဆို ကားကုမ္ပဏီတော်တော်များများက လက်တွေ့အသုံးချနိုင်ဖို့ ကြိုးစားနေကြပြီဖြစ်ပါတယ်။ တချိန်ကျရင် မောင်းသူမဲ့ကားတွေမှာ ယာဉ်မောင်းအတွက် စတီယာရင်ဘီးတောင် ပါလာတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအခါ အရေးအကြောင်းကြုံလာလို့ ရှိရင် ယာဉ်ပေါ် ပါလာတဲ့သူက ဘယ်လိုများ ထိန်းချုပ်ရမလဲ တွေးပူထားတာတွေလည်း ရှိပါတယ်။

ဒီအခက်အခဲတွေကို ဖြေရှင်းပေးမယ့် Ford ရဲ့ နည်းပညာ လာပါပြီ။ အမေရိကန်မူပိုင်ခွင့်မှတ်ပုံတင်ရုံးမှာ မူပိုင်ခွင့်ကျပြီးသား နည်းပညာဖြစ်ပါတယ်။ Ford စဉ်းစားပုံကတော့ လွယ်လွယ်ကူကူပါပဲ။ ဖုန်းနဲ့ ဂိမ်းဆော့သလိုမျိုး ကားကို လမ်းကြောင်းထိန်းချုပ်နိုင်ဖို့ပါ။ “Non-Autonomous Steering Modes” လို့ Ford က နာမည်ပေးထားပါတယ်။

ဟုတ်ပါတယ်။ Modes ပါ။ တခုတည်းမဟုတ်ပါဘူး။ ခရီးသည်ဟာ Touchscreen ပါတဲ့ Device တခုကနေ ကားကို ထိန်းချုပ်ခွင့် တောင်းခံလိုက်ပြီးရင်၊ Mode နှစ်ခုကို စိတ်ကြိုက် ရွေးနိုင်မှာပါ။ တခုက “First Autonomous Steering Mode” လို့ ခေါ်ပါတယ်။ ကားရဲ့ ရှေ့ဘီးကို ရှေ့တည့်တည့် ပြောင်းထားပြီး၊ ဖုန်းအနေအထားနဲ့ ကိုက်ညီအောင် Sync လုပ်ပြီးတာနဲ့ တပြိုင်နက်၊ ဖုန်းက Gyroscope နဲ့ Accelerometer တို့ကို သုံးပြီး၊ ကားရှေ့ဘီးကို ထိန်းချုပ်နိုင်မှာပါ။ ဟုတ်တယ် မိုဘိုင်းဂိမ်းလို ဖုန်းကို တိမ်းစောင်းပြီး ကားကို ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။။ မြင်အောင်ပြောရရင် Real Racing 3 ဂိမ်းလိုပေါ့။

ဒုတိယ Mode ကိုတော့ “Second Autonomous Steering Mode” လို့ ခေါ်ပါတယ်။ သူကလည်း ဖုန်းဂိမ်းလိုပါပဲ။ ဒီမှာတော့ စခရင်ကို တိမ်းစောင်းထိန်းချုပ်စရာမလိုဘဲ စခရင်ပေါ်မှာ စတီယာရင် Wheel ပေါ်လာမှာ ဖြစ်ပါတယ်။ ဂိမ်းဆော့သလိုမျိုး လက်ချောင်းလေးတွေနဲ့ စတီယာရင်ဘီးကို ကွေ့ဝိုက်ထိန်းချုပ်ပြီး ကားရှေ့ဘီးကို ထိန်းနိုင်မယ့် နည်းပညာဖြစ်ပါတယ်။

ယခု Mode နှစ်မျိုးလုံးဟာ ယာဉ်ကို Semi-autonomous ပြောင်းလိုက်မှာဖြစ်ပေမယ့်၊ ယာဉ်ပေါ် ပါလာတဲ့သူက ယာဉ်လမ်းကြောင်းကိုပဲ ထိန်းချုပ်ပေးရမှာဖြစ်ပြီး၊ ကျန်တဲ့ အရှိန်မြန်နှုန်း၊ ဘရိတ်စတဲ့ စနစ်တွေကိုတော့ မောင်းသူမဲ့ယာဉ်ကပဲ အလိုလိုထိန်းချုပ်ပေးမှာဖြစ်ပါတယ်။ ဘယ်လိုနေရာမှာ အသုံးဝင်မလဲဆိုတော့ ကိုယ်က Lane ပြောင်းယူချင်တာမျိုး၊ ကားစနစ်က မသိရှိနိုင်တဲ့ Private Area တွေကို သွားလာတဲ့အခါ အသုံးဝင်လာနိုင်ပါတယ်။

Gyroscope နဲ့ Accelerometer ဆန်ဆာပါဝင်တဲ့ ဖုန်းတိုင်း၊ Device တိုင်းကနေ ကားကို ဆက်သွယ်ထိန်းချုပ်နိုင်ပြီး၊ ကြိုး ဒါမှမဟုတ် ကြိုးမဲ့ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pairing လုပ်ဖို့ကိုတော့ MAC Addresses ၊ IMEI နံပါတ် ၊ Static IP နဲ့ Email Addresses စသဖြင့် မျိုးစုံ သုံးနိုင်မှာဖြစ်ပါတယ်။

လောလောဆည်တော့ Ford ရဲ့ ယခုနည်းစနစ်ဟာ Patent (မူပိုင်ခွင့်) အဆင့်မှာပဲ ရှိသေးပြီး၊ ဘယ်တော့ အကောင်အထည်ပေါ်လာမလဲ မသိရပါဘူး။ ပေါ်လာချင်မှလဲ ပေါ်လာပါလိမ့်မယ်။ ဘာပဲပြောပြော စိတ်ဝင်စားစရာ နည်းပညာတခုလို့ ဆိုရမှာပါ။

Ref: Autoblog

https://www.autoblog.com/2018/10/07/ford-patent-cellphone-steering-autonomous-car/

 မောင်းသူမဲ့ကားတွေကို ဖုန်းဂိမ်းဆော့နေရသလို ထိန်းချုပ်နိုင်မယ့် Ford နည်းပညာ

%d bloggers like this: