စမတ်ဖုန်းများတွင် ပါဝင်သည့် ဆန်ဆာများနှင့် အလုပ်လုပ်ပုံများ

ကျနော်တို့ အခုအသုံးပြုနေတဲ့ စမတ်ဖုန်းတွေဟာ တွေးကြည့်မယ်ဆိုရင် တကယ့်ကို အံ့သြစရာကောင်းလောက်တဲ့ Device လေးတွေ ဖြစ်ပါတယ်။ စက်မှုနည်းပညာတိုးတက်လာမှုရဲ့ အကျိုးရလဒ်တွေကို ကောင်းကောင်းမြင်တွေ့စေနိုင်တဲ့ Device တွေလို့ ဆိုရင် မမှားပါဘူး။ အရင်က တီဗွီ၊ အောက်စက်၊ DVD Player ၊ ဂိမ်းစက်၊ တယ်လီဖုန်း၊ ကင်မရာ၊ ဂဏန်းပေါင်းစက်၊ ရေဒီယို၊ စာအုပ် စသဖြင့် ပစ္စည်းတခုချင်းစီ သပ်သပ်အသုံးပြုရတဲ့ လုပ်ဆောင်ချက်တွေကို အခုဆို စမတ်ဖုန်းတလုံးတည်းမှာတင် အဆင်ပြေပြေလုပ်နိုင်နေပြီ ဖြစ်ပါတယ်။

ဒီလို များပြားလှတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ဖို့အတွက် စမတ်ဖုန်းတွေဟာ အမျိုးမျိုးသော ဆန်ဆာတွေကို အသုံးပြုရတယ်။ ဒါဆို ဖုန်းအတွင်းမှာ ဘယ်လိုဆန်ဆာတွေ ပါဝင်လဲ၊ ဒီဆန်ဆာတွေကကော ဘယ်လို အလုပ်လုပ်လဲဆိုတာ လေ့လာကြည့်ရအောင်။

စမတ်ဖုန်းဆန်ဆာတွေကို အဓိကအားဖြင့် Hardware-based နဲ့ Software-based ဆိုပြီး ၂ မျိုး ခွဲနိုင်ပါတယ်။ Software-based ဆန်ဆာအများစုကလည်း Sensor hardware တခု (သို့) အများကနေ ပေါင်းစပ်ရရှိတဲ့ ဒေတာတွေကို ပြန်လည်အသုံးချရတာဖြစ်ပြီး၊ Virtual sensor တွေလို့လည်း ခေါ်ဆိုနိုင်ပါတယ်

၁။ Accelerometer

Accelerometer ကတော့ ဖုန်းအသုံးပြုသူတိုင်း ရင်းနှီးပြီးသားဖြစ်တဲ့ ဆန်ဆာတခုပါ။ အရှိန်နှုန်း၊ တုန်ခါမှုနဲ့ တိမ်းစောင်းမှုတို့ကို သိရှိနိုင်ပြီး၊ ရွေ့လျားမှုနဲ့ X, Y, Z ဝင်ရိုး ၃ ခုပေါ်က Linear တည်နေရာအတိအကျကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ စမတ်ဖုန်းက Portrait mode လား Landscape လားဆိုတာကို ယခု ဆန်ဆာနဲ့ သိရှိနိုင်တာဖြစ်သလို၊ ခြေလှမ်းအရေအတွက်ကိုလည်း သူနဲ့ သိရှိနိုင်ပါတယ်။ Pokemon Go လို ဂိမ်းတွေမှာ ကစားသူက ကားစီးပြီးသွားတာလား၊ လမ်းလျှောက်ပြီး သွားတာလားဆိုတာကို ဒီဆန်ဆာနဲ့ ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။

၂။ Gyroscope

စမတ်ဖုန်းတလုံးရဲ့ အရေးကြီးဆုံးဆန်ဆာတွေထဲမှာ Gyroscope က တခုအပါအဝင်ပါ။ Gyroscope ဆန်ဆာက ဝင်ရိုး သုံးခုပေါ်မှာ အထက်အောက်၊ ဘယ်ညာ ရွေ့လျားမှုလားရာဘက် (Direction) နဲ့ လည်ပတ်မှု (Rotation) တို့ကို သိရှိပြီး၊ ပိုမိုတိကျတဲ့ Orientation အချက်အလက်တွေကို ပေးစွမ်းနိုင်ပါတယ်။ Accelerometer က ဝင်ရိုး မျဉ်းကြောင်းသုံးခုပေါ်က တဖြောင့်တည်းရွေ့လျားမှု (Linear movement) ကိုပဲ သိရှိနိုင်ပြီး၊ Gyroscope ကတော့ Rotation ကိုပါ ဒီဂရီနဲ့ အတည်အကျ သိရှိနိုပါတယ်။ ၃၆၀ ဒီဂရီ ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ Gyroscope က တော်တော်စကားပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်အထိ တချို့စမတ်ဖုန်းတွေမှာတောင် Gyroscope ဆန်ဆာ မပါဝင်တဲ့အတွက် Google Street View ( အရင် Google Camera ) နဲ့ 360-degree ဓာတ်ပုံရိုက်မရတာတွေ ရှိခဲ့ပါတယ်။ အခုတော့ ဖုန်းတိုင်းလိုလိုမှာ ပါနေပါပြီ။ Accelerometer နဲ့လည်း Rotation ကို ခန့်မှန်းနိုင်ပေမယ့်၊ Gyroscope လောက် မတိကျတဲ့အတွက် ကားမောင်းဂိမ်းတွေမှာ Gyro ပါ၊ မပါက သိသာမှု ရှိပါတယ်။

၃။ Magnetometer

စမတ်ဖုန်းတွေမှာ Compass လို့ပဲ ကျနော်တို့ သိကြတဲ့ Magnetometer ပါဝင်ပါတယ်။ သံလိုက်လှိုင်းကို တိုင်းတာပြီး၊ တောင်ဝင်ရိုးစွန်းက ဘယ်မှာရှိလဲဆိုတာကို Compass မှာ ပြပေးတာပါ။ သံလိုက်ဓာတ်ပါတဲ့ ပစ္စည်းတွေကိုလည်း သိရှိနိုင်တာကြောင့် Magnetometer နဲ့ Metal Detector App တွေကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

၄။ GPS

Global Positioning System လို့ ခေါ်တဲ့ GPS ကတော့ ဂြိုလ်တုနဲ့ ဆက်သွယ်ပြီး ကမ္ဘာမြေပေါ်က တည်နေရာအတိအကျကို ပြပေးတာပါ။ GPS ဟာ တကယ်တမ်းတော့ အင်တာနက်မလိုအပ်တဲ့အတွက် အင်တာနက်လိုင်းမရှိရင်တောင် မြေပုံပေါ်မှာ ကိုယ့်တည်နေရာကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် မြေပုံပေါ်ဖို့အတွက်ကတော့ အင်တာနက်လိုင်းပါတယ်။ Offline Map တွေအတွက် အသုံးဝင်ပါတယ်။

၅။ Proximity Sensor

Proximity Sensor ကတော့ Infrared LED နဲ့ Light Detector တို့ကို အသုံးပြုပြီး၊ ဖုန်းနဲ့ အပြင်ဘက်အရာဝတ္ထုနဲ့ ဘယ်လောက်ကပ်နေလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဖုန်းပြောတဲ့အခါ ဖုန်းကို နား နဲ့ ကပ်လိုက်ရင် စခရင်မှိတ်သွားဖို့အတွက် Proximity Sensor လိုပါတယ်။ ဒီဆန်ဆာကနေ အလင်းအမြဲ ထုတ်လွှတ်ပေးနေပေမယ့် ကျနော်တို့ မျက်လုံးထဲမှာ မမြင်တွေ့ရပါဘူး။ ဒါပေမယ့် ဖုန်းအပေါ်ဘက် စပီကာနားကို ဗီဒီယိုရိုက်ကြည့်ရင် တွေ့မြင်နိုင်ပါတယ်။

၆။ Ambient Light Sensor

Ambient Light Sensor ကတော့ အလင်းရောင်ပမာဏကို သိရှိနိုင်ပြီး၊ စခရင်အလင်းရောင် (Screen Brightness) ကို ကိုက်ညီမှုရှိအောင် အလိုအလျောက် ချိန်ပေးတဲ့ ဆန်ဆာဖြစ်ပါတယ်။

၇။ မိုက်ခရိုဖုန်း

မိုက်ခရိုဖုန်းကတော့ အသံဖမ်းယူတဲ့ ဆန်ဆာတွေ ဖြစ်ပါတယ်။ ဖုန်းပြောတဲ့အခါ၊ Google Assistant လို အသံထိန်းချုပ် Apps တွေ သုံးတဲ့အခါ အသုံးပြုရပါတယ်။

၈။ လက်ဗွေရာဆန်ဆာ

လက်ဗွေရာဆန်ဆာကတော့ လက်ဗွေရာအချက်အလက်တွေကို အီလက်ထရောနစ်နည်းအရ မှတ်သားထားပေးတဲ့ ဆန်ဆာဖြစ်ပါတယ်။ ဆန်ဆာပေါ် လက်ချောင်းတင်လိုက်ရင် လက်ဗွေရာအရစ်တွေက ဆန်ဆာမျက်နှာပြင်နဲ့ ထိပြီး၊ အရစ်တခုချင်းစီကြားမှာ လွတ်သွားတဲ့ ကွာခြားချက်လေးတွေ ဖြစ်သွားပါတယ်။ အတိုချုပ်ပြောရရင် လက်ဗွေရာအရေးကြောင်းပုံသဏ္ဍာန်နဲ့ အရစ်တခုချင်းစီက ကြားအကွာအဝေးကို တိုင်းတာပြီး ပိုင်ရှင်လက်ဗွေမှန်၊မမှန် စစ်ဆေးပေးတာပါ။ အခုနောက်ပိုင်းပေါ်လာတဲ့ In-Display Fingerprint Sensor တွေရဲ့ အလုပ်လုပ်ပုံကိုတော့ ထပ်မံဖော်ပြပါမယ်။

၉။ Barometer

တန်ဖိုးကြီး Android ဖုန်းတွေနဲ့iPhone တွေမှာ လေထုဖိအားကို တွက်ချက်ပြီး ရာသီဥတုပြောင်းလဲမှုနဲ့၊ အမြင့်ပေကို သိရှိနိုင်တဲ့ Barometer ပါဝင်ပါတယ်။

၁၀။ Heart Rate Sensor

LED နဲ့ Optical Sensors တွေကို အသုံးပြုပြီး နှလုံးခုန်နှုန်းတိုင်းပေးတဲ့ ဆန်ဆာဖြစ်ပါတယ်။ အရေပြားထဲကို LED မီးနဲ့ထိုးပြီး၊ အလင်းလှိုင်းပြန်မှုအပေါ် မူတည်တွက်ချက်တာဖြစ်ပါတယ်။ နှလုံးရဲ့ သွေးခုန်နှုန်းအကြိမ်တိုင်းမှာ အလင်းပြန်နှုန်း အပြင်း၊အပျော့ ကွာခြားမှုရှိတဲ့အတွက် အဆိုပါကွာခြားချက်အကြိမ်အရေအတွက်ကို ရေတွက်ကာ နှလုံးခုန်နှုန်းကို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

၁၁။ Thermometer

စမတ်ဖုန်းအတွင်း အပူချိန်ကို တိုင်းတာပြီး၊ အပူချိန်လွန်ကဲမှု ရှိ၊ မရှိ စောင့်ကြည့်တိုင်းတာပေးတာပါ။ အရမ်းပူလာတယ်ဆိုရင် ဖုန်းဆော့ဖ်ဝဲကနေတဆင့် အပူလျော့ချနိုင်မယ့် လုပ်ဆောင်ချက်တွေ ထပ်ထုတ်ပေးမှာဖြစ်ပါတယ်။

စမတ်ဖုန်းတွေမှာ အထက်ပါဆန်ဆာတွေတင်မကဘဲ တခြားဆန်ဆာမျိုးစုံလည်း ပါဝင်ပါတယ်။ တချို့ ဆန်ဆာတွေကတော့ ဖုန်းမော်ဒယ်တခုနဲ့ တခု ကွဲပြားနိုင်ပါတယ်။ ဥပမာ Xiaomi ဖုန်းတွေမှာဆို အီလက်ထရောနစ်ပစ္စည်းတွေအတွက် ရီမုတ်ကွန်ထရီးလို အသုံးချလို့ရတဲ့ IR Blaster ပါဝင်ပါတယ်။ Samsung Galaxy ဖုန်းတွေမှာဆို Biometrics Authentication အတွက် Iris Scanner ၊ iPhone X မှာဆို 3D Facial Recognition အတွက် TrueDepth ကင်မရာဆန်ဆာစနစ်တို့ ပါဝင်ပါတယ်။ Face Unlock အတွက် အသုံးပြုကြတဲ့ ဆန်ဆာစနစ်တွေကိုတော့ နောက်မှ ဆက်လက်ဖော်ပြပါမယ်။

Ref: Fossbytes, Gizmodo

စမတ်ဖုန်းများတွင် ပါဝင်သည့် ဆန်ဆာများနှင့် အလုပ်လုပ်ပုံများ

%d bloggers like this: