စမတ်တီဗီထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ OnePlus

စမတ်ဖုန်းတွေကို အဓိကအားစိုက်ထုတ်နေတဲ့ OnePlus ဆီကနေ နောက်ထပ် Product အမျိုးအစားသစ်တမျိုးကို မကြာခင်အချိန်အတွင်း မြင်တွေ့ရဖို့ ရှိနေပါတယ်။

OnePlus တည်ထောင်သူနဲ့ CEO ဖြစ်သူ Pete Lau က ကုမ္ပဏီအနေနဲ့OnePlus TV ကို နောက်နှစ်အတွင်း အသစ်မိတ်ဆက်ဖို့ ရှိပြီး၊ စမတ်တီဗီဈေးကွက်ထဲကိုလည်း ဝင်ရောက်တော့မှာဖြစ်ကြောင်း OnePlus ဖိုရမ်မှာ သောကြာနေ့က ကြေညာခဲ့ပါတယ်။

“ကျွန်ုပ်တို့ရဲ့ နောက်ထပ်ခြေလှမ်းအသစ်” ဆိုပြီး ဖိုရမ်မှာ တင်ခဲ့တဲ့ Pete Lau ရဲ့ ပို့စ်အရဆိုရင် OnePlus ဖုန်းတွေရဲ့ လူသိများတဲ့ ပရီမီယမ်ဒီဇိုင်းမျိုးကို OnePlus TV မှာ အသုံးပြုသွားမှာဖြစ်ပြီး၊ ပုံထွက်အရည်အသွေးနဲ့ အသံအရည်အသွေးတို့ကို ဦးစားပေး ထုတ်လုပ်သွားဖို့ရှိပါတယ်။

“ ကျနော်တို့ အများစု နေ့စဉ် ထိတွေ့ခံစားနေရတဲ့ အဓိကပတ်ဝန်းကျင်နေရာ လေးမျိုးရှိပါတယ်။ ကိုယ့်အိမ်၊ အလုပ်ခွင်၊ အလုပ်အသွားအပြန်ခရီး နဲ့ လှုပ်ရှားသွားလာမှုတို့ပါ။ ကိုယ်နေထိုင်တဲ့အိမ်ကတော့ အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။ အဆင့်မြင့်ပေါင်းစည်းချိတ်ဆက်မှုနည်းပညာ (Intelligent Connectivty) ရဲ့ အကျိုးကျေးဇူးတွေကို စတင်ရရှိလာတဲ့ နေရာလည်း ဖြစ်ပါတယ်။”

လို့ Pete Lau က ရေးသားခဲ့ပါတယ်။

Intelligent Connectivity နည်းပညာအသစ်ကို အိမ်တွင်းစနစ်ထဲ ယူဆောင်လာဖို့အတွက် OnePlus ရဲ့ အဆင့်မြင့်ပရီမီယမ်ဒီဇိုင်း၊ ပုံရိပ်အရည်အသွေးနဲ့ အသံအရည်အသွေးတို့ကို ပေါင်းစပ်ပြီး၊ အိမ်တွင်းစနစ်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် Product အသစ်တမျိုးကို ထုတ်လုပ်နေပြီဖြစ်တယ်လို့ Pete Lau က ဆိုပါတယ်။

OnePlus TV အကြောင်း လောလောဆယ် သေချာမသိရသေးပေမယ့် ပရီမီယမ်တီဗီဆိုတဲ့အတိုင်း 4K HDR စနစ် ၊ Android OS နဲ့ AI Assistant တို့ ပါဝင်လာဖို့ကတော့ ကျိန်းသေသလောက်ရှိပါတယ်။ Business Insider ကို ပြောကြားခဲ့ပုံအရဆိုရင် OnePlus TV ကို နောက်နှစ်အတွင်းမှာ မိတ်ဆက်ပြသဖို့ ရှိတယ်လို့လည်း သိထားရပါတယ်။

Ref: OnePlus, Android Cental

%d bloggers like this: