ကာလာ Display နဲ့ ဒေါ်လာ ၃၀ တန် Honor Band 4 ထွက်ရှိ

Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ Honor 8X နဲ့ 8X Max စမတ်ဖုန်းတွေကို မိတ်ဆက်အပြီးမှာ ကျန်းမာရေးစမတ်လက်ပတ်အသစ်ဖြစ်တဲ့ Honor Band 4 ကို ထပ်မံ မိတ်ဆက်သွားခဲ့ပါတယ်။


Honor Band 3 တုန်းက တရောင်ထဲ ပြနိုင်တဲ့ Monochrome Display နဲ့ ဖြစ်ပေမယ့် အခု Band 4 မှာတော့ ကာလာစုံပြနိုင်တဲ့ AMOLED Display နဲ့ ဖြစ်သွားပါတယ်။

Home Button လည်း ပါဝင်မှာပါ။ ဒေါ်လာ ၃၀ ပဲ ရှိတာကြောင့် လက်ရှိ တန်ဖိုးနည်းစမတ်လက်ပတ်ထဲမှာ ရောင်းအားကောင်းနေတဲ့ Mi Band 3 ကို ဈေးကွက်ယှဉ်ပြိုင်မယ့် စမတ်လက်ပတ်ဖြစ်ပါတယ်။

Honor Band 4 မှာ 0.95-inch အရွယ် AMOLED Display ကို အသုံးပြုထားပြီး၊ 2.5D Curved Glass နဲ့ ထပ်အုပ်ပေးထားပါတယ်။ ခြေလှမ်းမှတ်ပေးမယ့် Pedometer ၊ အိပ်စက်မှုအဆင့်ဆင့်ကို မှတ်ပေးမယ့် Sleep Tracker ၊ နှလုံးခုန်နှိုင်းတိုင်းဖို့ heart rate sensor တို့ ပါဝင်ပြီး၊ ရေနဲ့ ဖုန်မှုန့်စိမ့်ဝင်မှုကာကွယ်နိုင်စွမ်း 5 ATM ရှိတာကြောင့် ရေကူးရင်တောင် မချွတ်တမ်းပတ်ထားလို့ ရမှာပါ။

အိပ်စက်မှုစက်ဝန်းကို စောင့်ကြည့်စစ်ဆေးပြီး ပိုင်ရှင်ရဲ့ လိုအပ်ချက်အလိုက် အိပ်စက်မှုပုံစံကို အကြံပေးနိုင်မယ့် TruSleep 2.0 feature ၊ လမ်းလျှောက်၊အပြေး စတဲ့လေ့ကျင့်ခန်းတွေ လုပ်နေချိန်မှာ နှလုံးခုန်နှုန်းကို အချိန်ပြည့်တိုင်းတာပေးမယ့် TruSeen 2.0 feature အသစ်တွေလည်း ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 100mAh ရှိပြီး၊ ၁၄ ရက်တိတိ အသုံးပြုနိုင်တယ်လို့ Huawei က ကတိပေးထားပါတယ်။

Honor Band 4 ပုံမှန်ဗားရှင်းအပြင် အပြေးသမားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Band 4 Running Edition ကိုလည်း Honor က တခါတည်းမိတ်ဆက်ခဲ့ပါတယ်။ ဒီဗားရှင်းမှာတော့ monochrome POLED Display နဲ့ ဖြစ်သွားပြီး၊ ဘက်ထရီကလည်း 77mAh ဘက်ထရီပဲ ပါတော့မှာပါ။ ဒါပေမယ့် အပြေးနဲ့ သက်ဆိုင်တဲ့ ဒေတာတွေကို ပြသရာမှာ ပိုမိုတိကျပြီး၊ အပြေးနှုန်း၊ ခြေလှမ်းအကျယ်၊ မြေကြီးနဲ့ ခြေထောက် ထိပုံထိနည်းတွေကအစ ပြသပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Band 4 ရိုးရိုးကို အနက်၊ အပြာနဲ့ ပန်းရောင်ဆိုပြီး သုံးမျိုး ထုတ်သွားမှာဖြစ်ကာ ဒေါ်လာ ၃၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Running Edition ကိုတော့ နက်၊ ပြာ၊ နီ၊ ဝါ၊ စိမ်း နဲ့ ပန်းရောင်ဆိုပြီး ကာလာစုံစုံလင်လင်ထုတ်သွားမှာဖြစ်ကာ ၁၅ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ကစတင်ပြီး တရုတ်နိုင်ငံမှာ ဝယ်ယူနိုင်ပါပြီ။

Ref: GSM Arena

 

 

%d bloggers like this: