ကိုယ်ပိုင် ကားတွင်း Voice Assistant စနစ်ကို မိတ်ဆက်တော့မယ့် BMW

နောက်နှစ်ကစပြီး BMW မော်ဒယ်အသစ်ဝယ်ယူသူတွေအနေနဲ့ ကားတွင်း  HVAC စနစ် အဖွင့်အပိတ်လုပ်တာ၊ ကားမီးချိန်တာနဲ့ ရေဒီယိုချန်နယ်ပြောင်းတာတို့ကို လက်နဲ့ထိစရာမလိုဘဲ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဂျာမန်ကားထုတ်လုပ်သူ BMW ဟာ ကားတွင်း အသုံးပြုနိုင်မယ့် ကိုယ်ပိုင် Digital Voice Assistant ကို ယနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ Intelligent Personal Assistant လို့ အမည်ပေးထားတဲ့ ယခုစနစ်ကို ၂၀၁၉ ခုနှစ်၊ မတ်လကစပြီး BMW 7.0 Operating System အသစ်နဲ့အတူ ရှေ့နှစ်ထွက်မယ့် BMW ကားမော်ဒယ်တိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

BMW ကားပိုင်ရှင်တွေအနေနဲ့ “Hey BMW” လို့ ပြောကာ ကားတွင်းက Settings တွေ၊ လမ်းညွှန်စနစ်တွေနဲ့ ဖျော်ဖြေရေးစနစ်တွေ အားလုံးကို အသံနဲ့တင် ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျင်းရင် Hey BMW နဲ့ စကားစမြည်ပြောဆိုနိုင်မှာဖြစ်ပါတယ်။

“Hey BMW” လို့ မပြောချင်ဘူးဆိုရင်လည်း Assistant နာမည်ကို ပြောင်းပေးလို့ရမှာဖြစ်ပြီး၊ BMW Assistant ဟာ ပိုင်ရှင်ကြိုက်နှစ်သက်တဲ့အရာတွေကို တဖြည်းဖြည်းသိရှိမှတ်သားထားမှာဖြစ်တယ်လို့ သိရပါတယ်။ အိမ်ပြန်ချင်ရင် “Hey BMW, take me home” လို့ ပြောလိုက်တာနဲ့ အိမ်ကို လမ်းကြောင်းညွှန်ပေးသွားမှာဖြစ်ပါတယ်။ “I’m cold” လို့ ပြောလိုက်တာနဲ့ ကားတွင်းအပူချိန်ကို မြှင့်တင်ပေးသွားမှာဖြစ်ပြီး၊ “Hey BMW, I’m tired” လို့ ဆိုရင် အပူချိန်၊ ကားအတွင်းမီးနဲ့ သီချင်းတို့ကို လိုက်ဖက်ညီအောင် ပြောင်းလဲပေးသွားမှာဖြစ်တယ်လို့ BMW က ဆိုပါတယ်။

ကားပိုင်ရှင်တွေအနေနဲ့ ဆီဘယ်လောက်ကျန်သေးလဲဆိုတာ၊ အလိုအလျောက်ကားမီးကြီးပြောင်းလဲမှုက ဘယ်လိုအလုပ်လုပ်လဲဆိုတာ စတဲ့ ကားနဲ့ ပတ်သတ်တဲ့မေးခွန်းအစုံအလင်ကိုလည်း Assistant ကို မေးနိုင်မှာ ဖြစ်ပါတယ်။ Assistant အနေနဲ့ ကားလေပေါင်ချိန်နည်းနေတာလိုမျိုး ပြဿနာတွေကို သတိပေးနိုင်သလို၊ ကားဆီခြွေတာနိုင်မယ့် နည်းလမ်းတွေကိုလည်း ပိုင်ရှင်ကို ပြောပြနိုင်မှာဖြစ်တယ်လို့ BMW က ညွှန်းထားပါတယ်။ BMW Digital Assistant ဟာ Alexa လို တခြား Digital Assistant တွေနဲ့လည်း တွဲဖက် အလုပ်လုပ်နိုင်မှာဖြစ်ပြီး၊ စမတ်စပီကာနဲ့ ဖုန်းတွေကနေလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

BMW Intelligent Personal Assistant ကို စထွက်ထွက်ချင်းမှာ ဘာသာစကား ၂၃ မျိုးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ ဈေးကွက်အလိုက် အသုံးပြုနိုင်တဲ့ Features တွေ ကွာခြားမှုတော့ ရှိမယ်လို့ သိရပါတယ်။

Ref: Engadget

%d bloggers like this: