Phone for You ကဏ္ဍအတွက် ရွေးချယ်ပေးလိုက်တဲ့ Asus ZenFone 5

ဒီတပတ် Phone for You ကဏ္ဍအတွက် ရွေးချယ်ပေးချင်တဲ့ စမတ်ဖုန်းကတော့ Asus ZenFone 5 ဖြစ်ပါတယ်။ Asus ဟာ ဒီမော်ဒယ်နာမည်နဲ့ပဲ ၂၀၁၄ ခုနှစ်တုန်းက ZenFone 5 ဆိုပြီး ထုတ်ခဲ့ဖူးပေမယ့်၊ အခု ၂၀၁၈ မှာလည်း ZenFone 5 လို့ပဲ နာမည်ပြန်ပေးထားပါတယ်။

ZenFone 5 ဟာ ဒီဇိုင်းလှပပြီး၊ စွမ်းဆောင်ရည်သင့်တင့်တဲ့ mid-range ဖုန်းတလုံးဖြစ်ပြီး၊ ဈေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ ၃၉၉,၀၀၀ ရှိပါတယ်။

ဒီဇိုင်း

ZenFone 5 ဟာ Mid-range ဖုန်းဆိုပေမယ့် လုံးဝ mid-range လို့ ထင်စရာမရှိဘဲ ကြည့်လိုက်တာနဲ့ကို တန်ဖိုးကြီးဖုန်းတလုံးအသွင်ပေါက်ပါတယ်။ အလူမီနီယမ်ဘောင်ကိုမှ ဖန်သားကိုယ်ထည် သုံးထားတဲ့ ဒီဇိုင်းဖြစ်ပြီး၊ အလင်းကစားထားတဲ့ အလွှာ ၈ လွှာအထိ အုပ်ထားတာကြောင့် အနောက်ကိုယ်ထည်က အလင်းပြေးပြီး ပြောင်လက်တောက်ပနေတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ဖုန်းထောင့်စွန်းတွေက အကွေးနေရာတွေကလည်း ကိုင်ရတာ တော်တော်မြဲမြဲမြံမြံရှိပြီး လက်ထဲက တော်ရုံလွတ်မကျနိုင်အောင် ဒီဇိုင်းထုတ်ပေးထားပါတယ်။ ရှေ့ဘက် Display ကိုလည်း Gorilla Glass သုံးထားပေးတဲ့အတွက် ခြစ်ရာ၊ထင်းရာတွေ ထင်မလွယ်ပါဘူး။ တော်ရုံတန်ရုံအနိမ့်က ပြုတ်ကျတာကိုလည်း ခံနိုင်ရည်ရှိပါလိမ့်မယ်။ ဒါပေမယ့် Gorilla Glass ဗားရှင်းဘယ်လောက်လဲဆိုတာ အတိအကျမပြောထားတဲ့အတွက် အနည်းငယ်တော့ သတိထားဖို့ လိုပြီး၊ ကျောဘက်ကိုယ်ထည်ကလည်း ဖန်သားဖြစ်တဲ့အတွက် ပြုတ်မကျအောင် သတိထားဖို့တော့ လိုပါလိမ့်မယ်။

Display

6.2-inch ရှိတဲ့ 18.7:9 Aspect Ratio သုံး 1080×2246 pixels LCD Display ကို အသုံးပြုထားပါတယ်။ Display က ဖုန်းအပေါ်ကိုယ်ထည်ထိ ရောက်ပြီး၊ ဘောင်ဆိုလို့ တွေ့ရမှာမဟုတပါဘူး။ ဖုန်းအောက်ဘက်နဲ့ ဘေးဘက်မှာတော့ ဘောင်နည်းနည်းပါ ပါသေးတယ်။ Display အပေါ်မှာတော့ Notch ကို မြင်တွေ့ရမှာဖြစ်ပြီး၊ Notch အရွယ်ကလည်း အနေတော်လောက်ပါပဲ။ Brightness အမြင့်ဆုံး 550nits အထိ တင်သုံးနိုင်ပြီး၊ DCI-P3 color gamut 95% အထိရှိတာကြောင့် ကာလာတိကျစိုပြေမှုကို ခံစားနိုင်ပါတယ်။ Mid-range ဖုန်းတွေထဲမှာ တော်တော်ကောင်းတဲ့ LCD Display ပါပဲ။

Software

Android 8.0 Oreo based ZenUI 5.0 နဲ့ ဖြစ်ပါတယ်။ Stock Android လောက် မရိုးရှင်းပေမယ့် Feature စုံလင်ပြီး၊ သေသပ်လှပမှုရှိတဲ့ custom ROM ပါ။ Homescreen settings ကနေ App နဲ့ App Drawer တို့ရဲ့ Layout ပုံစံတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး၊ third-party launcher သုံးစရာမလိုဘဲ စိတ်ကြိုက်အလှဆင်နိုင်အောင် လုပ်ပေးထားပါတယ်။ SMS နဲ့ Calendar တို့က stock Google Apps တွေ ဖြစ်ပြီး၊ dialer, calculator အပါအဝင် တချို့ apps တွေက Asus ရဲ့ Apps တွေဖြစ်ပါတယ်။ Notch ကို ဖျောက်နိုင်တဲ့ feature ၊ Aspect ratio အတိုင်း App တခုချင်းကို force လုပ်နိုင်တဲ့ Feature ၊ Fingerprint Sensor ကနေ notification shade ကို ဆွဲချနိုင်တဲ့ feature စသဖြင့် အသုံးဝင် Feature အစုံအလင်ပါရှိပါတယ်။ ခေတ်စားလာတဲ့ မိုဘိုင်းဂိမ်းမင်းအတွက် ဂိမ်းတွေကို Twitch နဲ့ YouTube ပေါ် စိတ်ကြိုက် resolution ရွေးပြီး၊ တိုက်ရိုက် stream လွှင့်ဖို့၊ record လုပ်ဖို့အတွက် Game Genie software တွေလည်း ပါဝင်လာပါတယ်။

စွမ်းဆောင်ရည်

ZenFone 5 မှာ mid-range SoC တွေထဲ စွမ်းဆောင်ရည်အကောင်းဆုံး Chipset တခုဖြစ်တဲ့ Snapdragon 636 ကို သုံးထားပြီး၊ 4GB RAM နဲ့ 64GB တို့ ပါရှိပါတယ်။ PUBG Mobile လို resource-hungry ဖြစ်တဲ့ ဂိမ်းတွေကို Medium လောက်ထားပြီး ချောချောမွေ့မွေ့ကစားနိုင်ပါတယ်။ AI စွမ်းဆောင်ရည်တွေလည်း ပါရှိတဲ့အတွက် အသုံးပြုတဲ့ပုံစံအလိုက် အကောင်းဆုံးဖြစ်မယ့် စွမ်းဆောင်ရည်ကို ပေးစွမ်းသွားမှာပါ။

ကင်မရာ

AI နည်းပညာပါဝင်တဲ့ Dual ကျောကင်မရာကို အသုံးပြုထားပြီး၊ အဓိက 12-megapixel camera က Sony ရဲ့ IMX363 sensor နဲ့ ဖြစ်ပါတယ်။ secondary ကင်မရာကတော့ 5-megapixel wide-angle lens ပါ။ AI ဟာ ကိုယ်ချိန်ရွယ်လိုက်တဲ့ scene တွေကို အလိုလိုသိရှိနိုင်ပြီး၊ scene နဲ့ လိုက်ဖက်မယ့် အကောင်းဆုံးပုံအရည်အသွေးကို ထုတ်ပေးနိုင်ပါတယ်။ 120-degree မြင်ကွင်းကျယ်ပုံတွေလည်း ရိုက်ကူးနိုင်ပါတယ်။

ရှေ့ကင်မရာကတော့ 8MP ကင်မရာဖြစ်ပြီး၊ ASUS SelfieMaster ကနေလည်း Selfie ပုံတွေကို ပိုလှအောင် ပြင်နိုင်မှာဖြစ်ပါတယ်။

ဘက္ထရီ

ZenFone 5 မှာ 3300mAh ဘက်ထရီကို အသုံးပြုထားပြီး၊ ASUS ဖုန်းတွေထုံးစံအတိုင်း ဘက်ထရီသက်တမ်းကတော့ တော်တော်လေးကောင်းမွန်ပါတယ်။ အားတခါသွင်းပြီးရင် မနက်ကနေ မိုးချုပ်အထိ ပုံမှန် အသုံးပြုနိုင်ပါတယ်။ Quick Charge 4.0 အထိ Support လုပ်ပေမယ့် သာမန်လောက်ပဲရှိတဲ့ 5V,2A fast chargin စနစ်ကိုပဲ အသုံးပြုထာပါတယ်။ ဒါပေမယ့် အားသွင်းနှုန်းမြန်ဆန်တယ်လို့ ဆိုနိုင်ပြီး နာရီဝက်အတွင်းမှာ ၃၅ ရာခိုင်နှုန်းလောက် သွင်းနိုင်ပါတယ်။ အားအပြည့်သွင်းဖို့ကိုတော့ တနာရီခွဲလောက် ကြာတဲ့အတွက် မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။

အကျဉ်းချုပ်

Asus ZenFone 5 ဟာ mid-range ဖုန်းကောင်းကောင်း လိုက်ရှာနေသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ ဖုန်းကောင်းတလုံးဖြစ်ပါတယ်။ အထူးသဖြင့် ဒီဇိုင်းပိုင်းက ပေးရတဲ့ဈေးထက်တောင် ပိုတန်တယ်လို့ ထင်ရမှာပါ။ Asus ZenFone 5 4GB+64GB ကို လောလောဆည် မြန်မာကျပ်ငွေ ၃၉၉,၀၀၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

Ref: Trusted Reviews