ဈေးနှုန်းထက် အရည်အသွေး ပိုမိုကောင်းမွန်တဲ့ Xiaomi Mi In-Ear Headphones PRO HD

ဒီတပတ် Budgeteer ကဏ္ဍမှာ မိတ်ဆက်ပေးချင်တဲ့ ပစ္စည်းလေးကတော့ Xiaomi ရဲ့ Mi In-Ear Headphones PRO HD နားကြပ်ဖြစ်ပါတယ်။ မြန်မာငွေ သုံးသောင်းခွဲဝန်းကျင်ဈေးရှိတာကြောင့် တန်ဖိုးနည်းလို့ မခေါ်ဆိုနိုင်ပေမယ့်၊ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ စွမ်းဆောင်ရည်အပိုင်းမှာတော့ အကောင်းဆုံး Hybrid နားကြပ်တစ်ခု ဖြစ်ပါတယ်။

Mi In-ear Headphones PRO HD ဟာ Dynamic Driver ၂ ခုနဲ့ Balanced Armature Driver ၁ ခုတို့ကို ပေါင်းစပ်အသုံးပြုထားတဲ့ Hybrid နားကြပ်တခုဖြစ်ပြီး၊ အသံအရည်အသွေးကောင်းကောင်း ခံစားချင်သူတိုင်း ကြိုက်နှစ်သက်မယ့် နားကြပ်တခုဖြစ်ပါတယ်။

ထုပ်ပိုးမှု

ထုပ်ပိုးထားတဲ့ ပုံစံကတော့ ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ပဲ ဖြစ်ပြီး၊ အထဲမှာတော့ နားကြပ်နဲ့ နားကြပ်ခေါင်းအပိုလေးတွေ ထည့်ပေးထားတဲ့ဘူးတခု၊ နားကြပ်ထည့်ဖို့ ရှုံ့ကြိုးအိတ်တခုတို့ ပါဝင်ပါတယ်။  ဘူးထဲမှာတော့ ကိုယ့်နားပေါက်အရွယ်အစားအလိုက် သင့်တော်တဲ့ နားကြပ်ခေါင်းပြောင်းတပ်နိုင်ဖို့အတွက် XS, S နဲ့ L အရွယ်အစား နားကြပ်ခေါင်းအပိုလေးတွေ ပါဝင်ပါတယ်။

ဒီဇိုင်း

Mi In-ear Headphones PRO HD ဒီဇိုင်းပိုင်းမှာ အမိုက်ဆုံးတခုကတော့ နားကြပ်ကိုယ်ထည်ကို တိုက်တေနီယမ်သတ္တုစပ်နဲ့ ပြုလုပ်ထားတာပါ။ တိုက်တေနီယမ်ဖြစ်တာကြောင့် အလေးချိန်ပေါ့ပါးပြီး တပ်ဆင်ရတာ သက်တောင့်သက်သာရှိပါတယ်။ ကြိုးက Music control housing ကိုလည်း တိုက်တေနီယမ်သတ္တုစပ်နဲ့ ပြုလုပ်ထားပါတယ်။ အသွင်အပြင်ပိုင်းကလည်း တကယ့် တန်ဖိုးကြီးနားကြပ်ပုံစံ ပိုပေါက်သွားပါတယ်။ နားကြပ်ကြိုးကလည်း တော်တော်ဆွဲဆန့်ခံနိုင်တဲ့ TPE material နဲ့ ပြုလုပ်ထားတဲ့အတွက် ကြိုးခေါက်လို့ ပြတ်မှာ၊ အလွယ်တကူ ပေါက်ပြဲမှာ ပူစရာမလိုပါဘူး။ Mi In-ear Headphones PRO HD ရဲ့ အဓိကနာမည်ကြီးတဲ့အချက်ကတော့ အကြမ်းခံတာကြောင့် ဖြစ်ပါတယ်။ ကြိုးက ဘယ်လောက်ခံလဲဆိုရင် တခါက ကြိုးကို ထိုင်နေတဲ့ခုံအောက်မှာ ဖိမိပြီး ဆွဲဆန့်မိတာတောင် ပြတ်သွားတာမျိုး မရှိတဲ့အထိကို အကြမ်းခံပါတယ်။

ဒီဇိုင်းပိုင်းမှာ တခုပဲအပြစ်ပြောစရာရှိတာက နားကြပ်ခေါင်းဟာ ၄၅-ဒီဂရီစောင်းထားတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပေမယ့် နားထဲမှာ ထင်သလောက်မမြဲပါဘူး။ ခဏခဏ ချောင်ထွက်သွားပါတယ်။ ဒါက နားကြပ်ခေါင်းနဲ့လည်း ဆိုင်ပါလိမ့်မယ်။ သူ့မှာ ပါသမျှ နားကြပ်ခေါင်းတွေ အကုန်မမြဲဘဲ တခြားနားကြပ်ခေါင်းတခုခုပြောင်းတပ်ကြည့်ရင်တော့ ဘယ်လိုနေမလဲ မသိပါဘူး။

အသံအရည်အသွေး

Snapdragon 835 ရဲ့ built-in DAC ပါဝင်တဲ့ OnePlus 5 ဖုန်းနဲ့ စမ်းသပ်ရာမှာ Mi In-ear Headphones PRO HD ဟာ စိတ်ကျေနပ်စရာ အသံအရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ အခုနောက်ပိုင်းခေတ်စားလာတဲ့ 2 dynamic + 1 balanced armature driver hybrid ဒီဇိုင်းနဲ့ ဖြစ်ပြီး၊ mid နဲ့ high tones တွေမှာ အသံအရည်အသွေးတော်တော်ကောင်းမွန်ပါတယ်။ အထူးသဖြင့် instrument တခုချင်းစီရဲ့ အသံတွေကို အသေးစိတ်ခံစားရပြီး၊ ဒရမ်မှာ Cymbal ရိုက်တဲ့ အသံတွေကအစ ကွဲကွဲပြားပြား ကြားရပါတယ်။ vocal အသံတွေဆို တော်တော်လေးကြည်ကြည်လင်လင် ပြတ်ပြတ်သားသား နားဆင်နိုင်ပါတယ်။ Bass အရည်အသွေးက အကောင်းဆုံးမဟုတ်ပေမယ့်လည်း Xiaomi ဟာ ဒီနားကြပ်မှာ Bass ထက် Instrumental အသံပိုင်းကို ပိုဦးစားပေးထုတ်လုပ်ထားတယ်လို့ ထင်ပါတယ်။

နားကြပ်တပ်ထားရင် ပတ်ဝန်းကျင်အသံတွေက ဝင်တာမျိုးမရှိတဲ့အတွက် သီချင်းထဲ ပိုနစ်မျောနိုင်ပါတယ်။ ဒါပေမယ့် သီချင်းသံ အပြင်လျှံထွက်တာမျိုး (Sound Leak) တော့ အနည်းငယ်ရှိပါတယ်။ အသံပိုင်းကတော့ Audiophile တွေလောက် တိတိကျကျမပြောနိုင်ပေမယ့် ကျနော်အထက်က ပြောတဲ့အချက်တွေ အကုန်လုံးကိုတော့ အာမခံနိုင်ပါတယ်။

အဆုံးသတ်

Mi In-ear Headphones PRO HD ကို အဆုံးသတ်ပြောရရင် ပေးတဲ့ဈေးနဲ့ အရမ်းတန်တဲ့ hybrid နားကြပ်တခုဖြစ်ပါတယ်။ Triple driver setup (Hybrid) နဲ့ စွမ်းဆောင်ရည်ကောင်းကောင်းနားကြပ်တခုကို ၃ သောင်းခွဲလောက်နဲ့ ရှာနေတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် နားကြပ်ဖြစ်ပါတယ်။ ရိုရိုသေသေသုံးမယ်ဆိုရင် ၃-၄ နှစ်လောက်ထိ အေးဆေးသုံးနိုင်တဲ့ နားကြပ်ဖြစ်ပြီး၊ ၅ ထောင်တန် နားကြပ်တွေကို ၄-၅ လ တခါဝယ်နေမယ့် အစား ဒီလိုနားကြပ်မျိုးကို တခါတည်း ပိုက်ဆံပိုသုံးပြီး ဝယ်ထားတာက ပိုလို့တောင် တန်ဦးမှာပါ။

Mi In-ear Headphones PRO HD ရဲ့ Specifications တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Type of Headphones: In-Ear

Driver: 2x Dynamic Driver + 1x Balanced Armature Driver

Weight: 17g

Color: Silver

Wired control: Available

Cable length: 1.25m

Jack type: 3.5mm

Rated power: 5mW

Speaker Impedance: 32 Ω

Sensitivity: 98 dB

Frequency response range: 20 – 40,000 Hz

Standards: Q / WMSX004-2016

%d bloggers like this: