ဒီနေ့ခေတ်မှာ နေအိမ်များမှာ အထောက်အကူပြုနိုင်တဲ့ စက်ရုပ်များကို တီထွင်နေကြပါပြီ။ ဒီဆောင်းပါးမှာတော့ ဈေးကွက်ထဲမှာ ရောင်းချနေပြီဖြစ်တဲ့ နေအိမ်သုံး စက်ရုပ်များနဲ့ ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် စက်ရုပ်များထဲမှ အထူးခြား အဆန်းသစ်ဆုံး စက်ရုပ်များကို ရွေးချယ်ထားပါတယ်။ မြန်မာငွေ ၁ သောင်းလောက်သာရှိတဲ့ တန်ဖိုးနည်း နေအိမ်သုံး စက်ရုပ်များ ရှိသလို ဈေးနှုန်းကြီးမြင့်တဲ့ စက်ရုပ်များလည်း ရှိပါတယ်။ ၂၀၁၇ ခုနှစ်ဟာ နေအိမ်သုံး စက်ရုပ်များ ခေတ်စားလာမယ့် နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာ ရောင်းချမယ့် စက်ရုပ်များဟာ ယခင်နှစ်ထုတ်များထက် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။
၁။ Sphero Ollie
Orbotix ရဲ့ Sphero Ollie ဟာ ပြိုင်ကားမောင်းသလို ကစားရတဲ့ စက်ရုပ်ဖြစ်ပြီး iOS , Android Device များကနေ Bluetooth ဆက်သွယ်မှုဖြင့် ထိန်းချုပ်နိုင်ပါတယ်။ စက်ရုပ်ကို ၃၀ မီတာ အကွာအဝေးအတွင်းမှာ ထိန်းချုပ်နိုင်ပါတယ်။ စက်ရုပ်က လှည့်ပတ်ခြင်း၊ မတ်တပ်ရပ်ပြခြင်းများကို ပြုလုပ်နိုင်ပါတယ်။ Led မီးလုံးများပါတဲ့အတွက် ညအချိန်မှာ မောင်းနှင်ရင်တောင် အဆင်ပြေပါတယ်။ ဒေါ်လာ ၁၀၀ တန်ကြေးရှိပါတယ်။ အပို အစိတ်အပိုင်းများကို သီးခြားဝယ်နိုင်ပါတယ်။
၂။ Exofabulatronixx 5200
ကိုယ်တိုင် စက်ရုပ် တည်ဆောက်ချင်ရင်တော့ Exofabulatronixx 5200 ကို ရွေးချယ်ပါ။ MOSS က ဖန်တီးထားတာ ဖြစ်ပြီး သံလိုက်စွမ်းအင်ပါတဲ့ ဘလော့အတုံးပေါင်း ၅၂ ခု ပါပါတယ်။ အစိတ်အပိုင်းများကို ကာဘွန်စတီးဘောလုံး ၁၄၀ ဖြင့် ချိတ်ဆက်ရမှာပါ။ စိတ်ကူးဉာဏ်ကွန့်မြူးသလို တည်ဆောက်နိုင်တဲ့အတွက် ပျော်စရာကောင်းမှာပါ။ သူ့ကို တည်ဆောက်ဖို့ လမ်းညွှန်ချက်များ ပြသပေးထားတဲ့ ဝက်ဆိုက်လည်း ရှိပါတယ်။ စက်ရုပ် တည်ဆောက်ပြီးရင်တော့ iOS , Android Apps များကနေ ထိန်းချုပ်နိုင်ပါတယ်။ ၃၄၉.၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။
၃။ Robotic Arm Edge
စက်ရုံသုံး စက်ရုပ်များဟာ အဆန်းတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းရည်များဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာပါတယ်။ သင့်ရဲ့ ကလေးကို အဆင့်မြင့် ကုန်ထုတ် စက်ရုပ်အကြောင်းကို သင်ကြားပေးချင်ရင်တော့ Robotic Arm Edge ကို ရွေးချယ်ပါ။ သူ့မှာ အဆင့်မြင့် စက်ရုပ်လက်တံများ ပါရှိပြီး လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ လက်ချောင်းများက လူတွေလို အလုပ်ကိစ္စမျိုးစုံကို ပြုလုပ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ အောက်သာ ရှိပါတယ်။
၄။ WowWee Coder MiP
၈ လက်မအမြင့်ရှိတဲ့ WowWee Coder MiP က LED မျက်လုံးများပါတဲ့ လူတူ စက်ရုပ်ဖြစ်ပါတယ်။ သူ့မှာ ပါတဲ့ ဘီး ၂ လုံးဖြင့် ရွေ့လျားသွားလာနိုင်ပါတယ်။ iOS , Android , FireOS Devices များအတွက် ထုတ်လုပ်ထားတဲ့ RoboRemote App ကနေ သူ့ကို အလုပ်များခိုင်းဖို့ ပရိုဂရမ် ရေးဆွဲနိုင်ပါတယ်။ သူ့ရဲ့ အလုပ်များနဲ့ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ပါတယ်။ ဘာဖြစ်ရင် ဘာလုပ်ပါဆိုတဲ့ အလုပ်များကိုလည်း ပရိုဂရမ် ရေးဆွဲနိုင်ပါတယ်။ သူ့ကို ခိုင်းစေဖို့ လက်လှုပ်ရှားမှုများကိုလည်း သုံးနိုင်ပါတယ်။ ဈေးနှုန်းမှာ ဒေါ်လာ ၆၀ ဝန်းကျင်ပါ။
၅။ Roomba 980
၂၀၁၆ ခုနှစ်မှာ ရောင်းချခဲ့တဲ့ အလိုအလျှောက် သွားလာပြီး ဖုန်စုပ်ပေးနိုင်တဲ့ စက်ရုပ် ဖြစ်ပါတယ်။ ယခင်မော်ဒယ်များနဲ့ မတူဘဲ Roomba 980 ကို ထိန်းချုပ်ဖို့အတွက် Android နဲ့ iOS Apps များကို ထုတ်လုပ်ပေးထားပါတယ်။ App ကနေ အလုပ်စခိုင်းခြင်း၊ အလုပ်ခဏ ရပ်တန့်ခြင်း၊ အလုပ်ရပ်နားခြင်းများကို ခိုင်းစေနိုင်ပါတယ်။ App ကနေပဲ သူ့ကို အားသွင်းပေးမယ့် နေရာကို သွားဖို့ ခိုင်းနိုင်ပါတယ်။ ဒေါ်လာ ၉၀၀ ဖြစ်တဲ့အတွက် ဈေးမသေးပါဘူး။
၆။ 4M Tin Can Robot
စက်ရုပ်တိုင်းက ဈေးမကြီးပါဘူး။ 4M Tin Can Robot ဟာ ၁၀ ဒေါ်လာလောက်သာ ရှိပါတယ်။ အဲဒီကိရိယာက ဆိုဒါဘူးခွံတစ်ခုကို မော်တာတပ်ထားတဲ့ စက်ရုပ်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သင်နှစ်သက်သလို ဒီဇိုင်းတည်ဆောက်နိုင်ပါသေးတယ်။ ကိရိယာမှာ အစိတ်အပိုင်းများနဲ့ လမ်းညွှန်ချက်များ ပါပါတယ်။ AA Battery တပ်ဆင် အသုံးပြုရပါတယ်။
၇။ Vobot
ယခုနှစ် Consumer Electronics Show မှာ မိတ်ဆက်ခဲ့တဲ့ Vobot ဟာ စမတ် အလန်း နာရီ ဖြစ်ပြီး သင့်ကို အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ Vobot ကို Amazon Alexa စမတ်စပီကာကနေ တစ်ဆင့် အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ သူ့မှာ ဝိုင်ဖိုင်ဆက်သွယ်မှုလည်း ပါပါတယ်။ သူက သာယာငြိမ့်ညောင်းတဲ့ တေးဂီတများ၊ သဘာ၀ အသံများနဲ့ သင်နှစ်သက်တဲ့ အသံများကို ဖွင့်ပေးပြီး သင့်ကို ချော့သိပ်မှာပါ။ ၃၅ ဒေါ်လာ တန်ကြေးရှိပါတယ်။
၈။ Aido
Aido က အခုဖော်ပြထားတဲ့ စက်ရုပ်များထဲမှှာ ချစ်စရာအကောင်းဆုံး စက်ရုပ်လေး ဖြစ်ပါတယ်။ သူ့မှာ ပရိုဂျက်တာ စနစ်၊ အဆင့်မြင့် အသံနဲ့ မျက်နှာ မှတ်သားတဲ့ နည်းပညာများ ပါပါတယ်။ သူ့ကို စမတ်နေအိမ် ကိရိယာများ၊ လုံခြုံရေး စနစ်များနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ သူက ပရိုဂျက်တာကနေ ရုပ်ရှင်များ၊ ဂိမ်းများကို နံရံမှာ ပြသပေးနိုင်ပါတယ်။ သင့်သူငယ်ချင်းများထံ ဓါတ်ပုံများ ပေးပို့ခြင်း၊ သီချင်းဖွင့်ခိုင်းခြင်း၊ ရာသီဥတု သတင်းများ မေးခြင်း စတာတွေကိုလည်း သူ့အားခိုင်းစေနိုင်ပါတယ်။ တီဗီ၊ အပူ၊ အအေးပေး စနစ်နဲ့ စမတ်နေအိမ် ကင်မရာများကို ထိန်းချုပ်ဖို့လည်း သူ့ကို ခိုင်းနိုင်ပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ ၅၄၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။
၉။ Kuri
အရပ် အမြင့် လက်မ ၂၀ ရှိတဲ့ Kuri ကို ယခုနှစ်နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ပိုင်ရှင်အပေါ် သစ္စာရှိတဲ့ စက်ရုပ်လေးလို့ သူ့ကို ပြောကြပါတယ်။ သူ့မှာ သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်များကို စောင့်ကြည့်ပေးတဲ့ HD Camera ပါပါတယ်။ သူ့မှာ မိုက်ကရိုဖုန်း လေးလုံး၊ စပီကာ နှစ်လုံး၊ ဝိုင်ဖိုင်များ ပါပါတယ်။ သူက သင်နှစ်သက်တဲ့ သီချင်းများကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ IFTTT ကနေ စမတ်နေအိမ်ကိရိယာများကို သူက ထိန်းချုပ်နိုင်ပါတယ်။
၁၀။ Aristotle
ဒီစက်ရုပ်ကတော့ လှုပ်ရှားသွားလာနိုင်ခြင်း မရှိပါဘူး။ သူဟာ ကလေးများအတွက် ထုတ်လုပ်ထားတာ ဖြစ်ပြီး စမတ်ကင်မရာနဲ့ မီးလုံး ပါရှိပါတယ်။ ယခုနှစ် CES မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး သူက ဒစ်ဂျစ်တယ် ကလေးထိန်း နဲ့ ကလေးများကို သင်ကြားပေးတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ဝက်ကင်မရာနဲ့ စပီကာပါရှိပါတယ်။ သူ့ကို အခြား စမတ်နေအိမ် ကိရိယာများနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ ယခုနှစ်ထဲမှာ ၂၉၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။
ref : makeuseof
အလန်းစား နေအိမ်သုံး စက်ရုပ်များ
You must log in to post a comment.