စိတ်ဝင်စားဖို့ ကောင်းတဲ့ Microsoft ရဲ့ အနာဂတ် ထုတ်ကုန် (၁၀) ခု

Microsoft ဟာ တစ်ချိန်တုန်းကတော့ ကမ္ဘာအဝန်းမှ ကွန်ပြူတာ အများစုကို မောင်းနှင်တဲ့ ဆော့ဝဲကို ဖန်တီးရောင်းချခဲ့တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်းဒိုး ဗားရှင်းအသစ်ကို ဖြန့်ချီခြင်း၊ Office Suite အသစ် ဖြန့်ချီခြင်းတို့ကလွဲပြီး သတင်းခေါင်းစီးများမှာ နေရာ မယူနိုင်ခဲ့ပါဘူး။ အခုတော့ Microsoft က အခြားနည်းပညာ နယ်ပယ်များကိုပါ ခြေဆန့်လာခဲ့ပါပြီ။ ဆော့ဝဲ အပြင် Hardware များ ထုတ်လုပ်လာပြီး ကမ္ဘာပေါ်ရှိ လူသားတိုင်း၊ အဖွဲ့အစည်းတိုင်းကို ဝန်ဆောင်မှုပေးဖို့ ကြိုးစားနေပါပြီ။ အဲဒီအတွက် ထွန်းတောက်လာမယ့် Microsoft ရဲ့ အနာဂတ်ကို စောင့်ကြည့်သင့်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

HoloLens

Microsoft ရဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းအသစ်တစ်ခုက HoloLens Headset ဖြစ်ပါတယ်။ Headset က လက်တွေ့ကမ္ဘာမှာ ဒစ်ဂျစ်တယ် အရာဝတ္ထုများကို ယူဆောင်လာပေးပါတယ်။ HoloLens ကို သုံးရတာဟာ ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံကို ခံစားရစေပါတယ်။ ဂိမ်းကစားတာအပြင် အလုပ်ကိစ္စများနဲ့ အခြား ကဏ္ဍများစွာမှာ အလွန် အသုံးဝင်လာမှာပါ။ ကုမ္ပဏီများစွာကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းများမှာ HoloLens ကို အသုံးချနေကြပါပြီ။ SketchUp က မြို့ပြအင်ဂျင်နီယာနဲ့ ဗိသုကာပညာရှင်များကို ကူညီဖို့ HoloLens အတွက် သူ့ရဲ့ ဆော့ဝဲအသစ်ကို ဖြန့်ချီခဲ့ပါတယ်။ ဂျပန် လေကြောင်းလိုင်းကလည်း သူ့ရဲ့ လေကြောင်း အင်ဂျင်နီယာများကို လေ့ကျင့်သင်ကြားရာမှာ ပိုမိုကောင်းမွန်စေဖို့ Headset ကို သုံးနေပါတယ်။ HoloLens ကို နာဆာက နိုင်ငံတကာအာကာသစခန်းမှာတောင် သုံးနေပါတယ်။ စီးပွားရေးလုပ်ငန်းငယ်များနဲ့ သာမာန်လူများအတွက်တော့ ဒေါ်လာ ၃၀၀၀ တန် Headset ဟာ ဈေးကြီးနေပါသေးတယ်။ သူ့ရဲ့ နည်းပညာပိုမို ခရီးရောက်လာတာနဲ့အမျှ ဈေးကျလာမှာပါ။ Microsoft က အခြားကုမ္ပဏီများနဲ့ ပူးပေါင်းပြီး တန်ဖိုးနည်း Headset ကိုလည်း တီထွင်နေပါတယ်။

Microsoft Research

Microsoft ရဲ့ သုတေသနဌာနက ငွေကြေးမြောက်များစွာ သုံးပြီး နည်းပညာအသစ်များကို တီထွင်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သုတေသနဌာနဟာ နယ်ပယ်များစွာအတွက် ဆန်းသစ်တဲ့ နည်းပညာများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Windows OS မှ Bugs များကို ရှာဖွေ ရှင်းလင်းတဲ့ နည်းပညာကို သိပ္ပံပညာရှင်များ ပင်မဆဲလ် သဘောသဘာဝကို ပိုမိုနားလည်အောင် အသုံးချနိုင်ခဲ့တဲ့အတွက် ဆေးသိပ္ပံနယ်ပယ်အတွက် အလွန် အကျိုးရှိခဲ့ပါတယ်။ နောက်ထပ် ဥပမာတစ်ခုက Project Platypus ဖြစ်ပြီး စက်ရုပ်များက လူ့ခန္တာကိုယ်ရဲ့ လျှပ်စစ်လှိုင်းများကို အသုံးပြု၍ လူတွေရဲ့ တည်နေရာကို ခြေရာခံတဲ့ နည်းပညာပါ။ သဘာ၀ ဘေးအန္တရာယ်များကြောင့် လူတွေ ပျောက်ဆုံးတဲ့အခါမှာ ဒီနည်းပညာက အသုံးဝင်လာနိုင်ပါတယ်။ Device များကို ထိန်းချုပ်တဲ့ ဒစ်ဂျစ်တယ် တက်တူးကနေ ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေ ကုသနိုင်တဲ့ နည်းပညာများအထိ Microsoft သုတေသနဌာနက တီထွင်နေပါတယ်။

AI နဲ့ Machine Learning

ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ဟာ Microsoft ရဲ့ ဉာဏ်ရည်တု နည်းပညာ ဖြစ်ပြီး လူသားများစွာကို အကျိုးပြုနေပါတယ်။ Windows 10 နဲ့ အခြားပလက်ဖောင်းများမှာလည်း Cortana ကို အသုံးချနေပါတယ်။ သူ့ရဲ့ ဉာဏ်ရည်တု နည်းပညာဟာ ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ခြင်း၊ Azure Cloud Platform ရဲ့ အနာဂတ်ကို ခန့်မှန်းခြင်း၊ အရာဝတ္ထုများကို မှတ်မိခြင်း၊ ဘာသာစကားများ ပြောဆိုနိုင်ခြင်းတို့အပြင် နယ်ပယ်များစွာအတွက် အထောက်အကူပြုနေပါတယ်။ Microsoft က AI & Research Group အသစ်ကို ကွန်ပြူတာ သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာပေါင်း ၅၀၀၀ ဖြင့် ဖွဲ့စည်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

Bots

Microsoft က သူ့ရဲ့ AI နည်းပညာအချို့ကို Bot Framework မှာ အသုံးပြုနေပါတယ်။ Microsoft ရဲ့ Skype Platform နဲ့ Facebook Messenger များမှာ Bots တွေကို အသုံးပြုနေကြပါတယ်။ အခြား ပြိုင်ဖက်များလိုပဲ Microsoft က Bots တွေဟာအနာဂတ်မှာ လူသားတွေအတွက် အလွန် အသုံးဝင်လာမယ်လို့ ယုံကြည်နေပါတယ်။ ဉာဏ်ရည်မြင့် Customer Service Bot က ကုန်ပစ္စည်းပို့ဆောင်တဲ့ အချိန်ကို လျှင်မြန်စေမှာပါ။ ပီဇာမှာဖို့၊ လေယာဉ်လက်မှတ်ဖြတ်ဖို့နဲ့ မေးခွန်းများဖို့ Bots များကို အသုံးချနိုင်ပါတယ်။

Cloud + Privacy

Microsoft က ဉာဏ်ရည်မြင့် Cloud စီးပွားရေးမှာ များစွာ ရင်းနှီးမြှပ်နှံထားပါတယ်။ Azure ကနေ ရတဲ့ ဝင်ငွေဟာ မကြာခင်က ၁၁၆ ရာခိုင်နှုန်း တိုးတက်လာပြီး အသုံးပြုသူ တစ်နှစ်ထက်တစ်နှစ် ၂ ဆ များပြားလာပါတယ်။ Microsoft က ကုမ္ပဏီများအတွက် Cloud ဟာ အလွန်အကျိုးရှိတယ်ဆိုတာကိုလည်း အသိပညာများ မျှဝေပေးနေပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ လက Microsoft ဟာ A Cloud for Global Good အမည်ရ စာအုပ်ကို ဖြန့်ချီခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ကမ္ဘာ့နိုင်ငံများနဲ့ အဖွဲ့အစည်းများအတွက် အွန်လိုင်းလုံခြုံရေး၊ အစိုးရများရဲ့ ဒေတာများကို တောင်းခံခြင်း၊ ဒစ်ဂျစ်တယ် ကိုယ်ရေးကိုယ်တာ ဒေတာ လုံခြုံမှု စတဲ့ အကြောင်းအရာများကို ဆွေးနွေးထားပါတယ်။

Cross-Platform Development & Open-Source

Microsoft က Windows 10 Mobile အပြင် အခြား မိုဘိုင်း ပလက်ဖောင်းများအတွက် ဆော့ဝဲများကို တီထွင်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က Office Suite အပါအဝင် ပြိုင်ဖက် Operating System များမှာ သူ့ရဲ့ ဆော့ဝဲတွေ ပိုမိုထိုးဖောက်နိုင်ဖို့ ဖြစ်ပါတယ်။ Microsoft က အခြား Developers များအတွက် Cross-Platform Software ကိုလည်း ပံ့ပိုးပေးနေပါတယ်။ ဝင်းဒိုးသာမက ပလက်ဖောင်းအားလုံးအတွက် ဆော့ဝဲများကို ဖန်တီးနိုင်တဲ့ ကမ္ဘာ့ထိပ်တန်း Tools တွေကို ပံ့ပိုးပေးဖို့ Xamarin ကို ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူပြီးနောက် တစ်လ အကြာမှာ Xamarin Developer Tools ကို Open-Source ပြုလုပ်ပေးခဲ့ပြီး လူတိုင်းကို အခမဲ့ သုံးခွင့်ပေးခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ Mac အတွက် Visual Studio ကို ဖြန့်ချီပေးခဲ့ပါတယ်။

Universal Windows Platform

Microsoft က Cross-Platform Software ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေတဲ့ အပြင် သူ့ကိုယ်ပိုင် ပလက်ဖောင်းကိုလည်း နောက်ချန်မထားပါဘူး။ Windows Device အားလုံးမှာ သုံးနိုင်တဲ့ Universal Windows Platform ကို Windows 10 ဖြင့် အကောင်အထည်ဖော်နေပါတယ်။ အဲဒီပလက်ဖောင်းကြောင့် Developers များက ဖုန်း၊ တက်ဘလက်၊ ပီစီ၊ HoloLens ၊ Xbox One Console နဲ့အတူ Windows 10 ထည့်သွင်းထားတဲ့ Device အားလုံးမှာ သုံးနိုင်တဲ့ Apps များကို ဖန်တီးနိုင်မှာပါ။ ပလက်ဖောင်းတစ်ခုစီအတွက် App တစ်ခုကို သီးခြားစီ ဖန်တီးဖို့ မလိုတော့ပါဘူး။

Windows 10

Microsoft ရဲ့ နောက်ဆုံးထုတ် Windows 10 OS ဟာ ယခင်မျိုးဆက်များထက် ပိုမိုမြန်ဆန်လာပြီး စွမ်းရည်မြင့်မားလာပါတယ်။ လုံခြုံမှု အပိုင်းမှာလည်း ပိုမို တိုးတက်လာပါတယ်။ တစ်လတစ်ကြိမ် Maintenance Update ကို ဖြန့်ချီပေးခြင်းဖြင့် Microsoft က Windows 10 ကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နေပါတယ်။ လာမယ့်နှစ်ကစပြီး တစ်နှစ်လျှင် နှစ်ကြိမ် အဓိက စွမ်းဆောင်ချက်များပါတဲ့ Update ကို ဖြန့်ချီပေးမှာပါ။

Surface

Microsoft က ၂၀၁၂ ခုနှစ်မှာ Surface Tablet ဖြင့် Hardware နယ်ထဲ ခြေဆန့်လာပါတယ်။ အစတုန်းကတော့ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်လားလို့ မေးစရာရှိပေမယ့် အခုတော့ စီးပွားရေးလုပ်ငန်းများ သာမက သာမာန်လူများကပါ Surface Device များကို သုံးလာကြပါပြီ။ Surface မှ ဝင်ငွေဟာ တစ်နှစ်ထက်တစ်နှစ် ၃၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Surface ရဲ့ အောင်မြင်မှုကို ယှဉ်ပြိုင်ဖို့ Samsung Galaxy TabPro S , Huawei MateBook, Asus Transformers Series တို့လို ပီစီများကို ကုမ္ပဏီများ အပြိုင်အဆိုင် တီထွင်လာကြပါတယ်။

Gaming

Microsoft က Xbox One မှာ Windows 10 ကို ထည့်သွင်းပေးလိုက်တဲ့အတွက် သူ့ရဲ့ ဂိမ်းစက်ဟာ Universal Windows Platform ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။ ပီစီဂိမ်းများကို နှစ်ပေါင်းများစွာကြာ အလေးပေး တီထွင်လာပြီးနောက်မှာ Microsoft က Console Gaming ကိုလည်း အရှိန်မြှင့်လာပါတယ်။ Windows Store မှာ နာမည်ကြီး ဂိမ်းများစွာ ထားရှိပေးခြင်း၊ Steam နဲ့ ပူးပေါင်း၍ Cross-Network Play ကို ပံ့ပိုးပေးခြင်း၊ Xbox Play Anywhere Program ကို ဖန်တီးပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ နောက်ထုတ်မယ့် Windows 10 Creators Update မှာ ပီစီမှ ဂိမ်းကစားသူများဟာ ဂိမ်းကစားနေတဲ့ ဗီဒီယိုကို အင်တာနက်မှာ တိုက်ရိုက်ထုတ်လွှင့်နိုင်လာမှာပါ။

Ref : neowin

စိတ်ဝင်စားဖို့ ကောင်းတဲ့ Microsoft ရဲ့ အနာဂတ် ထုတ်ကုန် (၁၀) ခု

%d bloggers like this: