Intel Skylake CPU သုံးထားပြီး၊ ဘက်ထရီသက်တမ်းပိုကောင်းလာတဲ့ Apple ရဲ့ Retina Macbook (2016)

Apple ဟာ ၂၀၁၅ ခုနှစ်တုန်းက ထုတ်ထားတဲ့ ၁၂ လက်မအရွယ် Macbook ကို ယခု ၂၀၁၆ ခုနှစ်မှာ ဗားရှင်းအသစ်အနေနဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ပြန်ထုတ်လိုက်ပါတယ်။

ယခု ၂၀၁၆ Macbook အသစ်မှာ အပြင်ပိုင်းအနေနဲ့ ၂၀၁၅ ထုတ် Macbook အတိုင်းပဲ Force Touch ပါဝင်တဲ့ trackpad ၊ ပန်ကာမပါဝင်တဲ့ဒီဇိုင်း၊ 2304×1440 resolution ရှိတဲ့ ၁၂ လက်မအရွယ် Retina မျက်နှာပြင် စတာတွေ ပါဝင်ပြီး၊ အတွင်းပိုင်းမှာတော့ Intel ရဲ့ ဆဌမမြောက်မျိုးဆက် dual-core Core M ပရိုဆက်ဆာတွေ အသုံးပြုထားပြီး၊ ပရိုဆက်ဆာမြန်နှုန်း 1.3 GHz ရှိပါတယ်။ ဒီ့အပြင် Intel ရဲ့ Turbo Boost နည်းပညာပါဝင် တာကြောင့် လိုအပ်တဲ့အခါ CPU မြန်နှုန်းကို 3.1 GHz အထိ လည်ပတ်နိုင်ပါတယ်။

ဂရပ်ဖစ်ပိုင်းမှာလည်း Intel HD Graphic 515 ဂရပ်ဖစ်ကတ်အသစ်ကို သုံးထားတာကြောင့်၊ ဂရပ်ဖစ်စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာတယ်လို့ ဆိုပါတယ်။

အဆိုပါအတွင်းပိုင်းပြောင်းလဲမှုတွေအပြင် ယခု ၂၀၁၆ Macbook ကို Rose Gold အရောင်နဲ့ပါ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပြီး၊ Rose Gold iPhone ဒါမှမဟုတ် iPad ကိုင်သူတွေအနေနဲ့၊ အရောင်ဆင်တူ Macbook ကိုပါ ကိုင်နိုင်တော့မှာပါ။

အားသာချက်ကတော့ ဒီ Macbook အသစ်ဟာ ဘက်ထရီသက်တမ်းပိုအသုံးခံပြီး၊ wi-fi ကနေ web လျှောက်ကြည့်မယ်ဆိုရင် ဆယ်နာရီစာနဲ့၊ iTunes ရုပ်ရှင်ကားတွေကြည့်မယ်ဆိုရင် ၁၁ နာရီ တိတိ အကြည့်ခံတယ်လို့ ဆိုပါတ်ယ။

အားနည်းချက်တစ်ခုကတော့ ဒီ Macbook မှာလည်း USB-C ပေါက် တစ်ပေါက်ပဲ ပါဝင်တာကြောင့်၊ USB အပေါက်များများ သုံးချင်သူတွေအတွက်တော့ သိပ်အဆင်မပြေလှပါဘူး။

ဈေးနှုန်းအနေနဲ့ကတော့ US မှာ ဒေါ်လာ ၁၂၉၉ ဈေးနဲ့ ဆိုရင် 1.1 GHz Core m3 CPU ၊RAM 8GB ၊ storage 256 GB နဲ့ Intel HD 515 ဂရပ်ဖစ် မော်ဒယ်ကို ဝယ်ယူရရှိနိုင်ပြီး၊ နောက်ထပ် ဒေါ်လာသုံးရာလောက်ပိုသုံးမယ် ဆိုရင်တော့၊ 1.2 GHz Core m5 CPU ၊ 512GB storage မော်ဒယ်ကို ဝယ်ယူနိုင်ပါတယ်။

နောက်ထပ်အတည်မပြုရသေးတဲ့သတင်းတွေအရ၊ Apple ဟာ Macbook လက်ပ်တော့စီးရီးတစ်ခုလုံးကို ပြင်ဆင်ပြောင်းလဲမှုတွေ ယခုနှစ်နှောင်းပိုင်းမှာ လုပ်သွားမယ်လို့လည်း သိရပါတယ်။

Ref: Gadgets360

%d bloggers like this: