4K HDR ဗီဒီယိုတွေ ရိုက်ပြီး 4K HDR Display နဲ့ ကြည့်ရှု့ခံစားနိုင်မယ့် Sony Xperia XZ2 Premium

Sony အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်း ဖြစ်တဲ့ Xperia XZ2 Premium ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းက မိတ်ဆက်ရုံသာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ထွက်ရှိမယ့် နေ့နဲ့ ရောင်းချသွားမယ့် ဈေးနှုန်းကို ပြောကြားသွားခြင်း မရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ Sony က Xperia XZ2 Premium ကို အမေရိကန်နိုင်ငံမှာ ကန်ဒေါ်လာ ၉၉၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁၄သိန်း ဝန်းကျင်) နဲ့ စတင်ရောင်းချသွားမယ့် အကြောင်းကို တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ Amazon.com ကနေတစ်ဆင့် ဝယ်ယူသူများအနေနဲ့ ကန်ဒေါ်လာ ၂၇၉.၉၉ ဒေါ်လာ တန်ကြေးရှိ Sony Ear Duo (Wireless Headphone) ကို လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။

Xperia XZ2 Premium က ၅.၈ လက်မ မျက်နှာပြင်အကျယ်ရှိ 4K HDR LCD Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Resolution က 3840 x 2169 pixels ရှိပြီး Pixel density ကတော့ 760ppi အထိ ရှိမှာပါ။ ဒါ့အပြင် 4K HDR ဗီဒီယိုများလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲရှိ စမတ်ဖုန်း တော်တော်များများက 4K ဗီဒီယိုသာ ရိုက်ကူးနိုင်ပြီး 4K Display အရည်အသွေးတွေကိုတော့ ထောက်ပံ့ပေးနိုင်စွမ်း မရှိပါဘူး။ Processor အပိုင်းမှာ Snapdragon 845 SoC ကိုအသုံးပြုထားပြီး Adreno 630 GPU ပါဝင်မှာ ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ပါဝင်ပြီး Storage ကတော့ 64GB ပါဝင်မှာပါ။(အနည်းဆုံး 128GB လောက်တော့ ထည့်ထားသင့်ပါတယ်) Storage မလောက်ဘူး ဆိုရင်တော့ 512GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

Xperia XZ2 Premium ရဲ့ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် f/1.8 Aperture ရှိတဲ့ 19MP Camera ၁လုံးနဲ့ f/1.6 Aperture ရှိတဲ့ 12MP Camera ၁လုံးတို့ကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 19MP Camera က Super Slow-Motion ဗီဒီယိုတွေကို 1080p မှာ 960fps (Frames per second) နဲ့ ရိုက်ကူးနိုင်ပြီး 12MP Monochrome Camera ကတော့ Bokeh Mode လို့ခေါ်တဲ့ နောက်ခံ Background အဝါး ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယို ရိုက်ကူးမှုများအတွက် ISO 12800 နဲ့ ဓာတ်ပုံရိုက်ကူးမှုများအတွက် ISO 51200 အထိ ထောက်ပံ့ပေးထားပါတယ်။ ရှေ့ဘက် ကင်မရာမှာတော့ f/2.0 Aperture ရှိတဲ့ 13MP Camera ကို တပ်ဆင်ထားပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 3540mAh ပါဝင်ပြီး Fast Qi Wireless Charging ကြိုးမဲ့အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Quick Charge 3.0 အမြန်အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပြီး Dust/Water-resistant မှာ IP65/68 ရရှိထားတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ Xperia XZ2 Premium ရဲ့ အလေးချိန်က 236grams တောင် ရှိတဲ့အတွက် တခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် ပိုလေးသလို ခံစားရမှာပါ။ Headphone jack မပါဝင်တဲ့အတွက် သီချင်းနားထောင်မယ်ဆိုရင် USB-Type C ကနေတစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်း ဆိုပေမယ့် Notch မပါဝင်သလို ဘေးဘောင်၊ အထက်/အောက်ဘောင် တွေလည်း ကြီးနေတာကို တွေ့ရပါတယ်။ Sony Xperia XZ2 Premium ကို ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့အပြားကို ဖြန့်ချီသွားမယ့် နေ့ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref: androidauthority, androidpolice

4K HDR ဗီဒီယိုတွေ ရိုက်ပြီး 4K HDR Display နဲ့ ကြည့်ရှု့ခံစားနိုင်မယ့် Sony Xperia XZ2 Premium

%d bloggers like this: