နံရံပေါ်မှာ လက်မ ၁၂၀ အထိ HD ပုံရိပ်ထိုးပြီး၊ ဂိမ်းကစားနိုင်မယ့် Acer ရဲ့ gaming ပရိုဂျက်တာ

အမိုက်စားဂိမ်းတွေကို မျက်နှာပြင်သေးသေးမော်နီတာနဲ့ ဆော့ရတာအားမရတဲ့ gamer တွေအတွက် မြင်ကွင်းကျယ် gaming ပရိုဂျက်တာ ထွက်ပေါ်လာပါပြီ။

မကြာသေးမီက စတင်မိတ်ဆက်ပြသခဲ့တဲ့ Acer Predator Z850 ပရိုဂျက်တာဟာ ဂိမ်းကစားဖို့အတွက် အထူးထုတ်လုပ်ထားတာဖြစ်ပြီး၊ HD အရည်အသွေးပြည့်ပုံရိပ်တွေကို နံရံပေါ်မှာ လက်မ ၁၂၀ အထိ ထိုးပြနိုင်ပါတယ်။ စခရင်အချိုးကလည်း ၂၄:၉ တောင်ရှိတာကြောင့် ကိုယ့်အကြိုက်ဂိမ်းတွေကို မျက်နှာပြင် အကျယ်ကြီးမှာ အမိုက်စားဆော့ကစားနိုင်မှာပါ။

Acer ရဲ့ အဆိုအရတော့ Predator Z850 ပရိုဂျက်တာဟာ ကမ္ဘာ့ပထမဆုံး ultra-wide HD လေဆာပရိုဂျက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ပရိုဂျက်တာရဲ့ resolution က 1920×720 ရှိပြီး၊ short-throw နည်းပညာအသုံးပြုထားတာကြောင့်၊ နံရံကနေ ၁၈ လက်မလောက်ပဲ ခွာထားရင်တောင်၊ ၁၂၀ လက်မပုံရိပ်တွေကို အသာလေးထိုးပြနိုင်ပါတယ်။

နံရံနားတင်ကပ်ထိုးပြနိုင်တာကြောင့်၊ ကိုယ်ဂိမ်းဆော့နေရင်၊ ပရိုဂျက်တာရှေ့က တခြားလူတွေဖြတ်သွားတာ၊ အရိပ်ထင်တာမျိုးတွေ မရှိနိုင်ဘဲ၊ အာရုံပြည့် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်အနေနဲ့ ပရိုဂျက်တာကို သုံးပြီးတဲ့အခါ၊ အေးအောင် စောင့်နေစရာမလိုတာကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ LAN ပါတီ လုပ်ပြီး၊ ညစ်ညစ်နဲ့ ထပြန်ချင်ရင်တောင် ပရိုဂျက်တာကိုသယ်ပြီး ချက်ချင်းထပြန်နိုင်ပါတယ်။

Input ပိုင်းအနေနဲ့လည်း HDMI ၊ VGA မျိုးစုံပါဝင်သလို၊ အလင်းအားကလည်း ၃၀၀၀ lumen အထိ ရှိပါတယ်။ Asus ရဲ့ အဆိုအရတော့ contrast ratio ကာလာအလင်းအမှောင်ပြတ်သားမှု ၁၀၀၀၀ : ၁ အထိ ရှိပြီး၊ နက်မှောင်ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်မှာပါ။

Asus ရဲ့ Predator Z850 ဟာ အရည်အသွေးပိုင်းမှာလည်း ကောင်းမွန်သလို၊ ဈေးကလည်း ဒေါ်လာ ၅၀၀၀ ကျော်တောင်ရှိတာကြောင့်၊ တစ်ယောက်တည်းဝယ်နိုင်ဖို့ကတော့ တော်တော်ခဲယဉ်းမှာပါ။

Ref: Techradar

 

 

 

%d bloggers like this: