Google I/O 2018 မှ အဓိက ကြေညာချက် (၁၀) ခု

Google က I/O Developer Conference ကို ကျင်းပနေပါတယ်။ ပွဲမှာ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲများ၊ ဝန်ဆောင်မှု အသစ်များကို ကြေညာနေပါတယ်။ အဲဒီ ကြေညာချက်များထဲမှ အကောင်းဆုံး (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Android P

Android P မှာ Hardware Button သုံးခုဖြင့် Navigate လုပ်စရာ မလိုတော့ပါဘူး။ Gestures များဖြင့် Navigate လုပ်နိုင်ပါပြီ။ Apps များကို ပြောင်းလဲ အသုံးပြုတဲ့အခါမှာ iPhone X မှာလို Gesture ကို သုံးရမှာပါ။ သင် ဖုန်း အသုံးပြုတဲ့ အချိန်ကို လေ့လာစမ်းစစ်နိုင်တဲ့ Dashboard အသစ်ပါလာပါတယ်။ အဲဒီမှာ App တစ်ခုချင်းစီကို သင် သုံးတဲ့ အချိန်များ၊ ဖုန်းကို Unlock လုပ်တဲ့ အကြိမ်အရေအတွက်၊ သင် ရရှိတဲ့ Notifications များ စတာတွေ ပါဝင်ပါတယ်။ App တစ်ခုချင်းစီအတွက် အသုံးပြုနိုင်မယ့် အချိန်ကိုလည်း သင်က ကန့်သတ်ထားနိုင်ပါတယ်။ Andoid P Public Beta ကို Compatible ဖြစ်တဲ့ ဖုန်းများမှာ ဒီနေ့ပဲ သုံးနိုင်ပါပြီ။ Stable Version ကို သြဂုတ်လမှာ ဖြန့်ချီနိုင်ပါတယ်။

Google Assistant ရဲ့ Voices အသစ်များ

Google Assistant အတွက် စုစုပေါင်း အသံ အသစ် ခြောက်မျိုး ပံ့ပိုးပေးထားပါတယ်။ မူလ အသံ အပြင် သဘာဝကျတဲ့အသံ အသစ်များကို ရွေးချယ်နိုင်ပါပြီ။ Google က မူလ အသံကို Holly လို့ ခေါ်ပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ John Legend ရဲ့ အသံကို ထည့်သွင်းပေးမယ်လို့ သိရပါတယ်။

Google Duplex

ပွဲမှာ Sundar Pichai က Google Assistant ဟာ ဆံပင် အလှပြင်ဆိုင်မှ ဝန်ထမ်းနဲ့ ဖုန်း ပြောနေတဲ့ ဗီဒီယိုကို ဖွင့်ပြလိုက်ချိန်မှာတော့ ပရိတ်သတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ Google Assistant က ဖုန်း ပိုင်ရှင်အတွက် ဘွတ်ကင် ပြုလုပ်ပေးနေတာ ဖြစ်ပြီး လူနှစ်ယောက် စကားပြောနေသလိုပါပဲ။ Google Assistant ရဲ့ အသံဟာ သဘာဝကျပြီး ဝန်ထမ်းကလည်း သူ စကားပြောနေတာ လူအစစ်လို့ ထင်နေတာပါ။

Google Assistant ပါတဲ့ Smart Displays

Google Assistant ဟာ စမတ် စပီကာများမှာသာမကဘဲ Smart Displays များမှာပါ ပါလာတော့မှာပါ။ Google က အဲဒီ မျက်နှာပြင်များကို ဇူလိုင်လမှာ ရောင်းချမယ်လို့ ပြောပါတယ်။ YouTube TV မှ Jimmy Kimmel Live ကို စမတ် မျက်နှာပြင်ကနေ ဖွင့်ပြဖို့အတွက် Google Assistant ကို အသံအမိန့်ဖြင့် ခိုင်းစေနေတာကို ပွဲမှာ သရုပ်ပြခဲ့ပါတယ်။

Gmail က သင့်အတွက် အီးမေးများ ရေးပေးနိုင်ပါပြီ။

Google က Smart Reply အပြင် အခုတော့ Smart Compose လုပ်ဆောင်ချက်ကိုပါ ပြသလိုက်ပါတယ်။ Smart Compose က AI ကို အသုံးပြု၍ သင့်အတွက် အီးမေးများ ရေးသားရာမှာ ကူညီပေးနိုင်ပါတယ်။ အီးမေးတစ်ခုလုံးကိုတော့ သူက ရေးပေးနိုင်လောက်အောင် စွမ်းရည် မမြင့်မားသေးပါဘူး။ သူက သင် အီးမေးရေးသားတဲ့အခါမှာ စာသားများ၊ ဝါကျများကို အကြံပြုပြသပေးပါတယ်။ အဲဒီအတွက် ဝါကျရဲ့ အစ စကားလုံးများကို ရိုက်လိုက်တာနဲ့ သူက ဝါကျအဆုံးအထိ ဖြည့်ရေးပေးမှာပါ။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူ့ကို Gmail မှာ ထည့်သွင်းပေးမှာပါ။

လူမှုကွန်ရက် စွမ်းရည်များ ပါလာတဲ့ Google Maps

Google Maps မှာ Yelp နဲ့ Foursquare တို့ကို ယှဉ်ပြိုင်မယ့် စွမ်းရည်များ ပါလာပါတယ်။ Maps ရဲ့ For You Tab အသစ်မှာ သင့်ရဲ့ အိမ်နီးနားချင်းများကို Follow လုပ်နိုင်ပြီး Users များအကြားမှာ လူကြိုက်များနေတဲ့ စားသောက်ဆိုင်နဲ့ ဝန်ဆောင်မှု အသစ်များကို သင်က သိနိုင်မှာပါ။ စားသောက်မယ့် ဆိုင်ကို ရွေးချယ်ရာမှာလည်း သူငယ်ချင်းနဲ့အတူ အချိန်နဲ့တစ်ပြေးညီ တိုင်ပင်နိုင်ပါပြီ။

Augmented Reality Directions

Google Maps ဟာ နေရာဒေသ အသစ်များကို သွားသူများအတွက် တည်နေရာများကို တစ်ဆင့်ချင်း လမ်းညွှန်နိုင်ပါတယ်။ ဦးတည်ရာ တစ်ခုကို ကင်မရာဖြင့် ချိန်ရွယ်ပါ။ Maps က AI နဲ့ Street View Data များကို ပေါင်းစပ် အသုံးချခြင်းဖြင့် သင်သွားမယ့် နေရာအတွက် AR Turn-by-Turn Experience ကို ပံ့ပိုးပေးမှာပါ။

Google Photos မှာ ပိုမို စမတ်ကျတဲ့ Editing စွမ်းရည်များ ပါလာ

Google Photos မှာ ဓါတ်ပုံများမှ Subject ကို Background အား ခွဲခြားပေးပြီး Background ကို အနက် သို့မဟုတ် အဖြူရောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းရည် အသစ်များ ပါလာပါတယ်။ သင့်ရဲ့ ဓါတ်ပုံအဟောင်းများကိုလည်း သူက အရောင်များ ဖြည့်ပေးနိုင်ပါတယ်။ သင့် ဓါတ်ပုံ အဟောင်းများဟာ အဖြူ၊ အနက် ဆိုရင်တောင် သူက အရောင်များ ဖြည့်ပေးနိုင်ပါတယ်။ ဒီ စွမ်းရည်များအတွက် AI ကို သုံးထားတာပါ။ Gallery မှာ သင် ဓါတ်ပုံများကို ကြည့်နေတဲ့ အခါမှာ သူက Fix Brightness လို ပိုမိုလှပသွားအောင် ပြုပြင်သင့်တဲ့ ဓါတ်ပုံများကို အကြံပြုပေးမှာပါ။

AI က သတင်းရှာပေးမယ့် Google News

Google က News App ကိုလည်း အဆင့်မြှင့်ထားပြီး အခုဆိုရင် AI က သင့်အကြိုက် သတင်းများကို ရှာပေးတော့မှာပါ။ အင်တာနက်မှ သတင်းများ၊ ဗီဒီယိုများထဲကနေ သင်နှစ်သက်မယ့် အရာများကို AI က အချိန်နဲ့တစ်ပြေးညီ ရှာပေးမှာပါ။

Google Lens က ပြင်ပ ကမ္ဘာမှ စာသားများကို သင့်ဖုန်းထံ ကော်ပီကူးပေးနိုင်ပြီ

Google Lens က ပြင်ပ ကမ္ဘာမှ စာသားများကို သင့်ဖုန်းထံ ကော်ပီကူးပေးနိုင်လာပါပြီ။ သင့် ဖုန်း ကင်မရာဖြင့် လက်ရေးစာသားများ၊ WiFi Password များလို စာသားများကို ချိန်ရွယ်လိုက်တာနဲ့ အဲဒီစာသားများကို သင့်ဖုန်းမှာ ကော်ပီ ကူးပေးမှာပါ။

Google Lens က အဝတ်အစားများကိုလည်း အရင်ကထက် ပိုမိုတိကျစွာ ခွဲခြမ်းစိတ်ဖြာလာနိုင်ပါပြီ။ Style Match လုပ်ဆောင်ချက် အသစ်ပါလာပြီး ကင်မရာကနေ အဝတ်အစားများကို ချိန်ရွယ်လိုက်တာနဲ့ သူတို့ကို ရောင်းတဲ့ အွန်လိုင်း စတိုးဆိုင်များကို ပြသပေးမှာပါ။

Ref : theverge

unicode

Google I/O 2018 မှ အဓိက ကြေညာချက် (၁၀) ခု

%d bloggers like this: