အမေရိကန်ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို (FBI) ဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက ဆန်ဘာနာဒီနိုမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတရားခံရဲ့ iPhone ကို unlock လုပ်ဖို့အတွက် Apple ရဲ့အကူအညီမပါပဲ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Apple အနေနဲ့ ပြီးခဲ့တဲ့လတုန်းက တရားခံဖြစ်သူ Syed Rizwan Farook ရဲ့ဖုန်းကို ဆော့ဖ်ဝဲအသစ်ရေးပြီးဖွင့်ပေးဖို့အတွက် တရားရုံးရဲ့ အမိန့်ကို ငြင်းဆန်ခုခံခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
လူ၁၄ယောက်ကို သေဆုံးစေခဲ့တဲ့ ဖာရွတ်ခ်နဲ့ သူ့ဇနီးတို့ဟာ နောက်ဆုံးမှာ ရဲတွေရဲ့ပစ်ခတ်ခြင်းခံခဲ့ရပြီး သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ ဖာရွတ်ရဲ့ဇနီး တက်ရှ်ဖင်မလစ်ဟာ အခင်းဖြစ်ပွားတဲ့နေ့က သူတို့အနေနဲ့ IS တွေရဲ့ သစ္စာခံတွေဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်မှာရေးသားခဲ့တယ်လို့ အမေရိကန်ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
တနင်္လာနေ့က FBI အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Eileen Decker က သူတို့အနေနဲ့ “တတိယအုပ်စုတစ်စု” ရဲ့ အကူအညီရရှိထားကြောင်းပြောခဲ့ပြီး ဘယ်သူဆိုတာတော့ ဖွင့်ပြောခဲ့ခြင်း မရှိပါဘူး။ သူတို့ဝက်ဘ်ဆိုက်မှာတော့ ပစ္စည်းတစ်ခုနဲ့ iPhone 5c ရဲ့ ဒေတာတွေကို ဖြည်ခဲ့ရကြောင်းရေးသားခဲ့ပါတယ်။ FBI ရဲ့ ဒါရိုက်တာဖြစ်သူ James Comey ကတော့ သူအလုပ်သက်တမ်းတစ်လျှောက် အခက်ခဲဆုံးမေးခွန်းကိုဖြေခဲ့ရတယ်လို့ ညည်းတွားခဲ့ပါတယ်။
တရာရုံးရဲ့ အမိန့်ကို ငြင်းပယ်ခဲ့တဲ့ Apple ကို တခြားနည်းပညာ ဘီလူးကြီးတွေဖြစ်တဲ့ Google, Microsoft နဲ့ Facebook တို့ကလည်းထောက်ခံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့ကပြုလုပ်ခဲ့တဲ့ Apple ရဲ့ပွဲမှာလည်း ဒီကိစ္စအပေါ် Apple CEO ဖြစ်သူ Tim Cook ကလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
Ref: BBC
You must log in to post a comment.