ဒီနှစ်ဆောင်းရာသီမှာထွက်ဖို့ပြင်ထားတဲ့ Apple Watch Series 4 မော်ဒယ်လ်တွေမှာတော့ ဒီဇိုင်းသစ်လည်းဖြစ်သွားတဲ့အပြင် display ကလည်း ၁၅% လောက်ပိုကြီးလာလိမ့်မယ်လို့ Ming-Chi Kuo က ခန့်မှန်းထားပါတယ်။
Display ပိုကြီးလာတဲ့ဒီဇိုင်းအသစ်နဲ့အတူ ဒီ ၄ဆက်မြောက် Apple Watch တွေမှာ ဘက်ထရီသက်တမ်းလည်း ပိုကြာကြာခံမယ်လို့သိရပါတယ်။ ဘက်ထရီပမာဏလည်းပိုများလာပြီး ကျန်းမာရေးကိုစောင့်ကြည့်ပေးမယ့် health monitoring စွမ်းရည်တွေလည်းပိုကောင်းလာပါပြီ။ display ရဲ့ဘောင်တွေပါးလာတာကြောင့် display ဆိုဒ်ပိုကြီးသွားတာလည်း ဖြစ်နိုင်သလို actual display ဆိုဒ်ကို ကြီးထားတာလည်းဖြစ်နိုင်ပါတယ်။
၂၀၁၅ Apple Watch ပထမဆုံးမျိုးဆက်တွေကို မိတ်ဆက်ကတည်းက မပြောင်းလဲခဲ့တဲ့ ဒီဇိုင်းက ဒီနှစ် ၂၀၁၈ Apple Watch တွေမှာတော့ ပြောင်းလဲလာလိမ့်မယ်ထင်ပါတယ်။ ခုနကပြောခဲ့တဲ့ health monitoring စွမ်းရည်တွေကတော့ ဘယ်လိုတွေမြင့်လာမလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။ သတင်းတွေထွက်ဖူးတာကတော့ Apple အနေနဲ့ ပြင်းထန်တဲ့နှလုံးရောဂါအခြေအနေကို ကာကွယ်နိုင်ဖို့အတွက် နှလုံးခုန်နှုန်းကိုစောင့်ကြည့်သိရှိနိုင်တဲ့ sensor တစ်ခု သုံးမယ်လို့လည်းသိရပါတယ်။
Apple ကတော့ သွေးရဲ့ဂလူးကို့စ် level တွေကိုသိရှိနိုင်ဖို့အတွက် နည်းလမ်းတစ်ခုလည်းရှာဖွေနေဆဲပေမယ့် ဒီနည်းပညာကနည်းနည်းအလှမ်းဝေးနေသေးတာကြောင့် ၂၀၁၈ Apple Watch update တွေမှာ သုံးလာနိုင်ဦးမယ့်ပုံမပေါ်ပါဘူး။
Apple ရဲ့ အစီအစဉ်တွေနဲ့ပတ်သတ်ပြီး Ming-Chi Kuo ရဲ့ခန့်မှန်းချက်တွေက အမြဲတိကျခဲ့တဲ့အတွက် ဒီတစ်ခေါက်မှန်းထားတဲ့ ဒီနှစ် Apple Watch တွေရဲ့ ဒီဇိုင်းပြောင်းမယ့်အစီအစဉ်က သေချာသလောက်ပါပဲ။ စက်တင်ဘာလ Apple Watch တွေထွက်ခါနီးရင်တော့ အသေးစိတ်တွေထပ်သိရဦးမှာပါ။