မကြာခင်ကမှ ထွက်လာတဲ့ လေးလက်မအရွယ် iPhone SE ကို စိတ်ဝင်စားနေသူတွေများနေမှာ အသေအချာပဲနော်။
ဒီဖုန်းလေး ဝယ်ရင်ကောင်းမလား/မဝယ်ပဲနေရင် ကောင်းမလား ချီတုံချတုံဖြစ်နေသူတွေအတွက် ဆုံးဖြတ်ချက်ပြတ်သားနိုင်အောင် iPhone SE အကြောင်းကို review လုပ် တင်ဆက်ပေးလိုက်ပါတယ်။
အားသာချက် :
အားသာချက်ကနေ စပြောမယ်ဆိုရင်တော့ iPhone 6s မှာပဲ ရရှိနိုင်မယ့် အမိုက်စား feature တွေ (ပရိုဆက်ဆာ၊ ကင်မရာ၊ Apple Pay ငွေချေမှုစနစ်ပါဝင်လာမှု၊ always-on Siri တို့) ကို အရွယ်အစားသေးသေး၊ ဈေးပိုသက်သာတဲ့ iPhone SE မှာ ရရှိနိုင်မှာကတော့ အမိုက်စားပါပဲ။ နောက်တစ်ခုကောင်းတာကတော့ iPhone 5/5s သုံးက case တွေ၊ ဆက်စပ်ပစ္စည်းတွေကို ဒီဖုန်းမှာ ပြန်သုံးနိုင်တာပါပဲ။ 😀
iPhone SE မှာ ပါလာတဲ့ iPhone 6s feature များ
အားနည်းချက် :
အားနည်းချက်လေးတွေအနေနဲ့ ရှေ့ကင်မရာက megapixel ပိုမများလာပဲ 5s တုန်းကအတိုင်း ဖြစ်သလို၊၊ နာမည်ကျော် 3D Touch လည်း မပါဝင်လာပါဘူး။ ဒီဇိုင်းကလည်း iPhone 5s ဒီဇိုင်းအတိုင်း ပြောင်းလဲမှုမရှိပါဘူး။
နောက်ထပ်တစ်ချက်ကတော့ ဒီဖုန်းကို နှစ်လယ်လောက်မှာထုတ်ထားတာဖြစ်တာကြောင့်၊ နောက်ထပ် iPhone အသစ်တစ်လုံးက သိပ်မကြာခင်ထွက်လာဦးမှာဖြစ်ပါတယ်။
သုံးသပ်ချက် :
တော်တော်များများက iPhone 7 ထွက်တာ စောင့်နေကြမှာပါ။ ဒါပေမယ့် iPhone 6s ဖုန်းကို အရွယ်ကြီးကြီးနဲ့ မကိုင်ချင်ဘဲ ‘mini iPhone 6s’ လေး ကိုင်ချင်ကြတဲ့ ဖုန်းအသေးပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့မယ့်ဖုန်းပါ။
ဒီဇိုင်းပိုင်း
Rose gold ကာလာနဲ့ ရမယ်ဆိုတာကလွဲလို့ ဒီဇိုင်းပိုင်းမှာ iPhone 5s နဲ့ တထေရာတည်းနီးပါးပါပဲ။ ဖုန်းနောက်မှာ SE စာလုံးလေးတွေ ပါနေလို့သာ iPhone SE လို့ သိကြမှာဖြစ်ပေမယ့်၊ ဖုန်းကေ့စ် တပ်သုံးမယ်ဆိုရင်တော့ 5s လိုပါပဲ။
လေးလက်မအရွယ်ဆိုတော့ လက်တစ်ဖက်တည်းနဲ့ ကိုင်ရတာတောင် အဆင်ပြေတဲ့ဖုန်းဖြစ်ပြီး၊ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ယူသွားဦးမလား၊ အိတ်ကပ်ထဲထည့်ထားမလား၊ အဆင်ပြေပြေကိုင်ဆောင်နိုင်မယ့် ဖုန်းဖြစ်ပါတယ်။

ဖုန်းစွမ်းဆောင်ရည်နဲ့ ဆော့ဖ်ဝဲပိုင်း
iPhone SE ရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်က၊ iPhone 6s နဲ့ iPad Pro တို့မှာ သုံးထားတဲ့ စွမ်းဆောင်ရည်မြင့်၊ နောက်ဆုံးပေါ် AX9 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM ကတော့ 2GB ပါပဲ။ iOS ကလည်း နောက်ဆုံးပေါ် iOS 9.3 ဖြစ်ပြီး ဖုန်းအရွယ်အစား သေးသေးလေးနဲ့ မထင်ရလောက်အောင် စွမ်းဆောင်ရည်မြင့်တဲ့ဖုန်းပါ။
ဂရပ်ဖစ်ပိုင်းမှာလည်း 5s ထက်ပိုမြင့်တဲ့ PowerVR GT7600 GPU ကို အသုံးပြုထားပါတယ်။ ပရိုဆက်ဆာချင်းတူတဲ့ iPhone 6s ထက်တောင် စွမ်းဆောင်ရည်ပိုမြင့်ပြီး၊ ထွက်ဖူးသမျှ iPhone တွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံး iPhone လို့ ဆိုနိုင်ပါတယ်။
ကင်မရာ
ကျောဘက်က iSight ကင်မရာက 5s တုန်းက 8MP ထက် megapixel ပိုမြင့်သွားပြီး 12 MP ဖြစ်သွားပါတယ်။ LED ဖလက်ရှ်မီး နှစ်လုံးတွဲပဲဖြစ်ပြီး၊ 5s ထက် ပိုကောင်းတာက 4K resolution ရှိတဲ့ ဗီဒီယိုတွေကိုပါ iPhone SE နဲ့ ရိုက်ကူးနိုင်ပါတယ်။
ရှေ့ကင်မရာကတော့ iPhone 5s တုန်းကအတိုင်း 1.2 MP FaceTime ကင်မရာပဲဖြစ်ပါတယ်။ နောက်ထပ် မိုက်တဲ့တစ်ချက်ကတော့ အသံကော လှုပ်ရှားမှုပါ ပါတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်တဲ့ Live Photos ပါတာပါ။ လက်ဗွေရာဖတ်စနစ်ပါပေမယ့်၊ 3D Touch မပါတာကတော့ မော်ဒယ်အသစ်ဝယ်ပြီး feature အစုံမရသလို ခံစားရနိုင်ပါတယ်။
ဘက်ထရီသက်တမ်း
ဘက်ထရီသက်တမ်းကတော့ အံ့မခန်းလို့ဆိုရမှာပါ။ ဖုန်းပြောချိန် ၁၄ နာရီလောက် အသုံးခံပြီး iPhone 6s နဲ့ 5s တို့ထက် ဘက်ထရီသက်တမ်း နှစ်နာရီ ပိုခံတာဖြစ်သလို၊ Galaxy S7 ထက် သုံးနာရီလောက် ပိုအသုံးခံပါတယ်။ သီချင်းဖွင့်ထားမယ်ဆိုရင် နာရီ ၅၀ တိတိဖွင့်ထားနိုင်ပါတယ်။ 6s ထက်တောင် ဘက်ထရီပိုကောင်းတယ်လို့ Apple က ဂုဏ်ယူစွာကြေငြာထားပါတယ်။
5s တုန်းက ၁၅၆၀ mAh ရှိတဲ့ Li-Po ဘက်ထရီဖြစ်ပြီး၊ ဒီမှာတော့ 1642 mAh ဘက်ထရီဖြစ်သွားပါတယ်။ ဖြုတ်တပ်လို့ကတော့ ထုံးစံအတိုင်း ရမှာမဟုတ်ပါဘူး။
iPhone SE ဈေးကတော့ တခြား iPhone တွေနဲ့စာရင် ဈေးတော်တော်သက်သာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဝယ်သင့်သလားလို့ မေးမယ်ဆိုရင်တော့၊ iPhone 6S တို့ 6s Plus တွေ မကိုင်နိုင်သေးပေမယ့်၊ Apple ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေ (3D Touch ကလွဲလို့ ) ကို သုံးစွဲကြည့်ချင်တဲ့လူတွေ၊ နောက် မျက်နှာပြင်သေးသေးနဲ့ ဖုန်းကိုမှ ကြိုက်တဲ့လူတွေအတွက်တော့ ရွေးချယ်သင့်တဲ့ iPhone ဖြစ်ပါတယ်။ ဖုန်းအသေး မကြိုက်ဘူးဆိုရင်တော့ iPhone 7 ကို စောင့်စေချင်ပါတယ်။
Ref: Cnet, Telegraph, GSM Arena
You must log in to post a comment.