ကားကနေ ဟယ်လီကော်ပတာအဖြစ်ပြောင်းလို့ရမယ့် Pop.Up Next (Concept)

မနှစ်ကတော့ ဂျီနီဗာကားပြပွဲမှာ Airbus ကနေ Pop.Up လို့နာမည်ပေးထားတဲ့ car-drone-train concept လေးကို ပြသခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ မပြည့်စုံမှုတွေရှိနေသေးတဲ့အတွက် ဒီနှစ်မှာတော့ လုံးဝအသစ်စက်စက်ပုံစံနဲ့ပြန်ထွက်ပေါ်လာခဲ့ပြန်ပါပြီ။

ဒီနှစ်ရဲ့ concept ကတော့ ထိုင်ခုံ၂လုံးပါတဲ့စမတ်ကားအရွယ်ကိုယ်ထည်လေး (Airbus ကတော့ ခရီးသည်ခုံလို့ခေါ်ထားပါတယ်)ကပုံမှန်ကားတွေလိုပဲ ဘီးလေးလုံးနဲ့ပဲသွားနေမှာပါပဲ။ အပေါ်ပျံတက်ချင်တယ်ဆိုရင်တော့လေထဲကိုပျံနိုင်ဖို့အတွက် ဒရုန်းကိုယ်ထည်လေးက လုပ်ဆောင်ပေးသွားပါလိမ့်မယ်။

တခြားသော concept ကောင်းတွေလိုပဲ သူလည်း hardware နဲ့တင်ပြီမသွားပါဘူး။ အသုံးပြုသူရဲ့အသိဉာဏ်ကိုအခြေခံထားတဲ့ Artificial Intelligence အပြင် ခရီးသည်တင်ထားတဲ့ကား (module) ကိုလေပေါ်ပျံသန်းနိုင်အောင် မြေပြင်ပေါ်ဆင်းသက်နိုင်အောင်ဆော့ဖ်ဝဲလ်ကောင်းကောင်းတစ်ခုနဲ့ ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းမှာတော့ ခရီးသည်တင်နိုင်တဲ့ ဒရုန်းယာဉ်တွေတော်တော်များများ တွေ့ခဲ့ရပြီးပါပြီ။ Larry Page ရဲ့ ပျံသန်းနိုင်တဲ့ကား၊ Uber ရဲ့လေပေါ်တက္ကစီနဲ့ Airbus ရဲ့ကိုယ်ပိုင် Vahana ပရောဂျက်တွေကတော့ ရေရှည်မှာလေပေါ်ပျံသန်းနိုင်တဲ့ကားတွေရဲ့ မျှော်လင့်ချက်ပါပဲ။

Pop.Up Next ကတော့ နောင်မှာမြို့ပြရဲ့လူနေမှုဘဝမှာ အမြဲတမ်းအတွက် အရေးပါတဲ့ကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။ ဒီနှစ်ရဲ့ဗားရှင်းအသစ်က အရင်ကမူရင်းဗားရှင်းထက်ပိုစတိုင်မိုက်ပြီး ဒလက်လေးခုကို ယာဉ်ကိုယ်ထည်ရဲ့အပေါ်ဘက်မှတပ်ဆင်ထားပါတယ်။ ပထမ concept တုန်းကထက်လည်း ပိုပေ့ါပြီး ကိုယ်ထည်ရဲ့အကျယ်က ၄၉လက်မအကျယ်ရှိပါတယ်။ လူနဲ့စက်ကြားအပြန်အလှန်လုပ်ဆောင်ချက်ကတော့ အသံနဲ့လည်း လုပ်ဆောင်နိုင်သလို မျက်နှာအတည်ပြုစနစ်၊ မျက်ဝန်းဖတ်နဲ့ touch function စတာတွေနဲ့ လုပ်နိုင်ပါတယ်။ စတီယာရင်လည်းမပါတဲ့အပြင် တခြားဘာထိန်းချုပ်ကိရိယာမှမပါတဲ့အတွက် နေရာလွတ်ပိုကျယ်သွးာပြီး သာမန်လူတစ်ယောက်အတွက်တော့ တော်တော်အဆင်ပြေတဲ့အရွယ်ပါပဲ။ ဂျီနီဗာမြို့မှာ မိတ်ဆက်ခဲ့တဲ့စူပါကားတွေထဲကမှ သူကတော့ ခရီးသည်အတွက်သက်တောင့်သက်သာရှိစေမယ့် နေရာလွတ်ကျယ်ကျယ်ဒီဇိုင်းနဲ့ ဒရုန်းကားတစ်ခုပါ။

ဒါပေမယ့် ဒီလိုဒရုန်းကားမျိုးကတော့ ထုတ်လုပ်လာမှာမဟုတ်ပါဘူး။ တည်ဆောက်ပုံပိုင်းလည်း ပြည့်စုံမှုမရှိသေးသလို စည်းမျဉ်းနဲ့အညီခွင့်ပြုချက်ရဖို့လည်း ခက်ခဲပါလိမ့်မယ်။ အနာဂတ်မှာ ဖြစ်နိုင်ချေရှိတဲ့အရာတွေကို ဖော်ထုတ်ပြသရုံပဲဖြစ်ပြီး ဘက်ထရီနည်းပညာလည်းတိုးတက်လာ၊ စမတ်ကားတွေလည်းပိုများလာတဲ့အပြင် ထုတ်လုပ်သူတွေကလည်းဒီဇိုင်းဘက်ကိုပိုအသားပေးလာကြတာ တွေ့ရပါတယ်။ ငယ်ဘဝကစိတ်ကူးယဉ်ပုံပြင်တွေက အနာဂတ်မှာ မဖြစ်နိုင်တာမရှိဘူးဆိုတာ ပြသလိုက်တဲ့သဘောပါ။ အောက်မှာတော့ ဒီနှစ်ရဲ့ PopUp Next concept မော်ဒယ်ရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။


Ref: TheVerge

%d bloggers like this: