Google က HTC စမတ်ဖုန်း လုပ်ငန်း အချို့ကို ဝယ်ယူ

Google ကတော့ ဒေါ်လာ ၁.၁ ဘီလီယမ်ဖြင့် HTC ရဲ့ Hardware လုပ်ငန်းကို ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

သဘောတူညီချက်မှာ HTC အင်ဂျင်နီယာ ၂၀၀၀ ကျော်ဟာ Google ထံမှာ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ထိုင်ဝမ်မှာပဲ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

Google ရဲ့ Hardware ဌာနမှ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Rich Osterloh က “ HTC နဲ့ အပြီးသတ် စာချုပ်နိုင်ခဲ့တာ အလွန် ဝမ်းမြောက်မိပါတယ်။ လာမယ့်နှစ်များထဲမှာ ပိုမို ထူးခြားဆန်းသစ်ပြီး ပိုကောင်းတဲ့ ထုတ်ကုန်များကို ဖန်တီးမယ့် အရည်အချင်းရှိတဲ့ အဖွဲ့ကို ကြိုဆိုလိုက်ပါတယ်။ ထိုင်ပေဟာ အာရှ- ပစိဖိတ် ဒေသမှာ Google ရဲ့ အကြီးမားဆုံး အင်ဂျင်နီယာ ရုံးဖြစ်လာမှာပါ “ လို့ ရေးသားထားပါတယ်။

VR ဌာနကိုတော့ HTC ကပဲ ဆက်လုပ် ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း သုတေသနဌာနရဲ့ အဓိက ပညာရှင်များဟာ Google ထံကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ Google ရဲ့ Hardware နယ်ပယ်မှာ တိုးချဲ့လာမှုကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ Google က Pixel စမတ်ဖုန်းများကို HTC မှ ဝန်ထမ်းများနဲ့ ပူးပေါင်း ဖန်တီးခဲ့တာ ဖြစ်ပြီး အခုတော့ ပိုမို များပြားတဲ့ ဝန်ထမ်းများကို ရရှိတော့မှာ ဖြစ်ပါတယ်။

HTC ကလည်း စမတ်ဖုန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်မှာ ဖြစ်ပြီး ယခုနှစ်မှာ စွမ်းဆောင်ရည်မြင့် HTC U12 ကို ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာထားပါတယ်။ Google ရဲ့ Pixel Phone များဟာ စွမ်းဆောင်ရည်မြင့် ဖုန်းနယ်ပယ်မှာ Apple နဲ့ Samsung တို့ကို မယှဉ်နိုင်သေးပါဘူး။ အဲဒီအတွက်ကြောင့် Google ဟာ စမတ်ဖုန်းနယ်ပယ်မှာ အောင်မြင်မှုရဖို့ ယခုလို ဝယ်ယူခြင်း ဖြစ်ပါတယ်။

Ref : theverge, techradar

%d bloggers like this: