Facebook က ဒေသတွင်း သတင်းများကို News Feed မှာ ပိုမို ပြသမည်

ဒေသတွင်း သတင်းများကို News Feed မှာ ပိုမို ပြသတော့မှာ ဖြစ်တယ်လို့ စီအီးအို မတ်ဇူကာဘတ်က ပြောကြားလိုက်ပါတယ်။ ဒေသတွင်း သတင်းမီဒီယာများ၊ ရုပ်သံလိုင်းများမှ သတင်းများကို ပိုမို မြင်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီပြောင်းလဲမှုကို အမေရိကန်မှာသာ ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး ကမ္ဘာအ၀န်းမှာ လုပ်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။

Facebook က ဒီနှစ်ထဲမှာ News Feed မှာ အပြောင်းအလဲများကို ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့ကလည်း သတင်း မီဒီယာများထက် သူငယ်ချင်းများ၊ မိသားစုဝင်များရဲ့ ပို့စ်များကို News Feed မှာ ပိုမို ပြသမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ဒေသ၊ မြို့၊ နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ သတင်းများကို ပိုမို မြင်ရတော့မှာ ဖြစ်ပါတယ်။

ယခုပြောင်းလဲမှုအကြောင်းကိုတော့ မတ်ဇူကာဘတ်က Facebook မှာ ပို့စ်တစ်ခုဖြင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက “ အရည်အသွေးမြင့်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းများကို ပိုမို ပြသဖို့ ပြုလုပ်နေပါတယ်။ ဒေသတွင်း သတင်း မီဒီယာများမှ ပို့စ်များကို အဓိက ပြသမှာ ဖြစ်ပါတယ်။ လူတွေက Facebook မှာ ဒေသတွင်း သတင်းများကို ပိုမို မြင်ချင်တယ်လို့ အမြဲ ပြောပါတယ်။ သုတေသန စစ်တမ်းများက ဒေသတွင်း သတင်းများကို ဖတ်ခြင်းဟာ မြို့နေလူထု အချင်းချင်း ပိုမို ဆက်သွယ်မိကြတယ်လို့ ထောက်ပြထားပါတယ်။ သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတာတွေကို သိခြင်းဖြင့် လူများဟာ အပြုသဘောဆောင်တဲ့ ရလဒ်များကို ဖန်တီးနိုင်မှာပါ။ “ လို့ ရေးသားထားပါတယ်။

Ref : theverge , facebook

%d bloggers like this: