iPhone X ထုတ်လုပ်ရောင်းချမှုကို အပြီး ရပ်နားဖွယ်ရှိနေတဲ့ Apple

Apple ဟာ နှစ်စဉ်နှစ်တိုင်း ဖုန်းအသစ်များကို ရောင်းချပေးတာနဲ့ ဖုန်းအဟောင်းများကို ဈေးလျှော့ရောင်းချပေးလေ့ရှိပါတယ်။ အခုတော့ ဒီအစဉ်အလာကို ရပ်နားတော့မယ်လို့ ထင်ရပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ KGI Securities မှ Ming-Chi Kuo က Apple ဟာ ယခုနှစ်နှောင်းပိုင်းမှာ ဒုတိယမျိုးဆက် iPhone X ကို ရောင်းချပေးချိန်မှာ ပထမမျိုးဆက် iPhone X အား ဈေးလျှော့ပြီးတော့ ဆက်လက်ရောင်းချမှာ မဟုတ်ဘဲ အပြီး ရပ်နားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဒီလို ပြုလုပ်ခြင်းဟာ ဒုတိယမျိုးဆက် iPhone X ရဲ့ ရောင်းအားကို မထိခိုက်စေဖို့အတွက်ဖြစ်တယ်လို့ သူက ပြောပါတယ်။ သူက Apple ဟာ ယခုနှစ်ထဲမှာ ၉၉၉ ဒေါ်လာတန် ဒုတိယ မျိုးဆက် ၅.၈ လက်မ iPhone X , ၆.၅ လက်မ iPhone X Plus , စွမ်းဆောင်ရည်သင့် ၆.၁ လက်မ iPhone တို့ကို ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ ၆.၁ လက်မအရွယ် မော်ဒယ်မှာ LCD Display , Face ID တို့ ပါမှာ ဖြစ်ပြီး အမေရိကန်မှာ ဒေါ်လာ ၆၅၀ နဲ့ ၇၅၀ အကြား ရောင်းချမှာ ဖြစ်ပါတယ်။

Kuo က iPhone X ရဲ့ Notch Design ကို တရုတ်မှာ မနှစ်သက်ကြတဲ့အတွက် ရောင်းအားကျဆင်းခဲ့ခြင်းကလည်း ဒီလို ပြောင်းလဲမှုကို ဖြစ်စေတာလို့ ထောက်ပြပါတယ်။ သူ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ပထမမျိုးဆက် iPhone X ကို ထုတ်လုပ်ရောင်းချမှုဟာ တစ်နှစ်တောင် မပြည့်ဘဲ ရပ်နားသွားမှာ ဖြစ်ပါတယ်။

Ref : macrumors

%d bloggers like this: