Nike ရဲ့ အလိုအလျောက်ကြိုးချည်နိုင်တဲ့ရှူးဖိနပ် အမှန်တကယ်ထွက်ရှိလာပြီ

Back to the Future ရုပ်ရှင်ကားပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ Nike ရဲ့ အလိုအလျောက် ကြိုးချည်နိုင်တဲ့ဖိနပ်တွေ မကြာခင်မှာ ဈေးကွက်ထဲ အမှန်တကယ် ဝင်ရောက်တော့မှာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံးအားကစားအသုံးအဆောင်ပစ္စည်းကုမ္ပဏီ Nike ဟာ ‘HyperAdapt 1.0’ လို့ အမည်ပေးထားတဲ့ အမိုက်စားရှူုးဖိနပ်ကို New York မြို့မှာ ပြုလုပ်သွားတဲ့ မီဒီယာမိတ်ဆက်ပွဲမှာ စတင် မိတ်ဆက်ပြသသွားခဲ့ပါတယ်။

HyperAdapt ဖိနပ်ထဲကို ခြေထောက်ထိုးသွင်းလိုက်တာနဲ့ ဖိနပ်အောက်ခြေမှာပါတဲ့ ဆန်ဆာကနေ ဝတ်ဆင်သူရဲ့ အလေးချိန် နဲ့ ခြေထောက်အနေအထားကို အလိုအလျောက်အာရုံခံသိရှိမှာဖြစ်ပြီး၊ ဖိနပ်ကြိုးတွေကို အလိုအလျောက်၊ အလိုက်သင့်တင်းသွားပေးမှာဖြစ်ပါတယ်။

Nike ရဲ့ ဒီဇိုင်းဌာနအကြီးအကဲဖြစ်သူ John Hoke ရဲ့ ရှင်းပြချက်အရ၊ ဒီဖိနပ်ဟာ သမားရိုးကျရှူးဖိနပ်တွေကို ချည်ရတဲ့ ကြိုးတွေပါဝင်မှာမဟုတ်ဘဲ၊ ဘက်ထိရီအားသုံးပူလီတွေကနေ ဖိနပ်ကြိုးကို ဆွဲကာ၊ အလိုလို တင်းသွားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဝတ်ဆင်သူအနေနဲ့လည်း ကြိုးအတင်းအလျော့ကို စိတ်တိုင်းမကျပါက၊ ဖိနပ်ဘေးဘယ်ဘက်မှာပါဝင်တဲ့ အပေါင်း/အနှုတ်ပုံစံ ခလုတ်နှစ်ခုကနေလည်း ကြိုးအတင်းအလျော့ လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီဖိနပ်ဟာ ဗားရှင်း 1.0 ဖြစ်တာနဲ့အညီ နောက်ထပ် နည်းပညာအသစ်တွေ ထပ်မံပေါင်းထည့်သွားဖို့ရှိပြီး၊ နောက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကိုပါ ကောက်ယူကာ၊ Nike wearables ပစ္စည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားနိုင်စွမ်းရှိပါတယ်။

HyperAdapt 1.0 အလိုအလျောက်ကြိုးချည်နိုင်တဲ့ရှူးဖိနပ်ကို ယခုနှစ် အားလပ်ရက်ရာသီအတွင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ဇာတ်ကားထဲက ဖိနပ်လိုမျိုး မီးအလင်းရောင်တွေ ပါရှိမှာဖြစ်ကာ၊ အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဈေးနှုန်းအတိအကျကိုတော့ မသိရှိသေးပါဘူး။

Ref: Engadget

 

 

%d bloggers like this: