အသံဖြင့် ခိုင်းစေနိုင်တော့မယ့် Samsung ရဲ့ စမတ်ရေခဲသေတ္တာများ

Samsung က CES 2017 မှာ ဒုတိယမျိုးဆက် Family Hub ရေခဲသေတ္တာများကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ အဲဒီ ရေခဲသေတ္တာများကို အသံဖြင့် ခိုင်းစေနိုင်တဲ့ စွမ်းဆောင်ချက်ကို ဥရောပမှာ ထည့်သွင်းပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဥရောပမှ ဘာသာစကားများကို ယခုနှစ်အတွင်း Family Hub ရဲ့ Operating System မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီ ဘာသာစကားများထဲမှာ British English, German, French, Italian တို့ ပါဝင်ကြပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်မှာတော့ အသံဖြင့် ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို အစောပိုင်းကတည်းက ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင် Samsung Connect Support ကိုလည်း Family Hub ရေခဲသေတ္တာများမှာ ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် ရေခဲသေတ္တာကို အခြား စမတ် ကိရိယာများနဲ့ ချိတ်ဆက်နိုင်ပါတယ်။ အဲဒီ စမတ်ကိရိယာများထဲမှာ Samsung ရဲ့ AddWags အဝတ်လျှော်စက်များနဲ့ Powerbot ဖုန်စုပ်စက်များ ပါဝင်ပါတယ်။

Family Hub 2.0 Series များကို ယခုနှစ် အစောပိုင်းမှာ ရောင်းချပေးခဲ့ပြီး နိုင်ငံအလိုက် မော်ဒယ် ၁၀ ခု ထုတ်လုပ်ပေးထားပါတယ်။ တံခါး ၃ ပေါက်နဲ့ တံခါး ၄ ပေါက်များ တပ်ဆင်ထားပါတယ်။ ရေခဲသေတ္တာများမှာ App များကိုလည်း အသုံးပြုနိုင်ပြီး စပီကာပါတဲ့အတွက် အွန်လိုင်းမှ သီချင်းများကိုတောင် နားဆင်နိုင်ပါတယ်။ အတွင်းပိုင်းမှာ ကင်မရာ တပ်ဆင်ထားတဲ့အတွက် ဈေးဝယ်နေစဉ်မှာ ရေခဲသေတ္တာထဲမှာ လိုအပ်နေတဲ့ ပစ္စည်းများကို ဖုန်းကနေ ကြည့်နိုင်ပါတယ်။

ရေခဲသေတ္တာရဲ့ ၂၁.၅ လက်မ ထိတွေ့မျက်နှာပြင်ကနေ ဟင်းချက်နည်းများ၊ ဈေးဝယ်စာရင်းများကို လေ့လာနိုင်ပါတယ်။ နောက်ဆုံးထုတ် မော်ဒယ်များမှာ မိသားစုဝင် တစ်ဦးချင်းစီအတွက် ပရိုဖိုင်များ သတ်မှတ်နိုင်ပြီး ရေခဲသေတ္တာကနေ မိသားစုဝင် အချင်းချင်း ဓါတ်ပုံများ ၊ မှတ်စုများ မျှဝေနိုင်ပါတယ်။

ref : pocket-lint

%d bloggers like this: