Domino နဲ့ Ford တို့ ပူးပေါင်း၍ ပီဇာများကို စက်ရုပ်ကားများဖြင့် ပို့ဆောင်မည်

Domino နဲ့ Ford တို့က ပီဇာများကို စက်ရုပ်ကားများဖြင့် ပို့ဆောင်ပေးမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ Ford က ဒီအစီအစဉ်အတွက် မောင်းသူမဲ့ Fusion ကားများကို ဖန်တီးထားပါတယ်။ လက်ရှိမှာ အမေရိကန် ပြည်ထောင်စု မီချီဂန်ပြည်နယ် Ann Arbor မှာ စတင် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပြီး ပီဇာမှာယူသူများဟာ GPS ကနေတစ်ဆင့် ပီဇာ သယ်ဆောင်လာတဲ့ မောင်းသူမဲ့ ကားကို မြေပုံမှာ ခြေရာခံနိုင်ပါတယ်။ ဒါ့အပြင် ငွေပေးချေမှုများကိုလည်း စမတ်ဖုန်း ကနေ ပြုလုပ်နိုင်ပါတယ်။

ပီဇာ သယ်ယူလာတဲ့ စက်ရုပ်ကားဟာ နေအိမ်သို့ ရောက်ရှိတဲ့အခါမှာလည်း မှာယူသူဟာ စမတ်ဖုန်းကနေ Notification နဲ့အတူ Unlock Code ကို ရရှိမှာ ဖြစ်ပါတယ်။ Unlock Code ကို အသုံးပြု၍ Domino ရဲ့ အပူပေးထားတဲ့ အခန်းကို ဖွင့်ရမှာ ဖြစ်ပါတယ်။ ပီဇာကို အပူပေးထားတဲ့ အခန်းငယ်ထဲမှာ ထည့်သွင်းထားတဲ့အတွက် သင့်အိမ်ရောက်ရှိရင်တောင် ပီဇာဟာ ပူနွေးနေမှာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ စက်ရုပ်ကားများမှာ Ford ရဲ့ အင်ဂျင်နီယာများက လိုက်ပါစီးနင်းကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ စနစ်ဟာ လုံခြုံစိတ်ချရတယ်ဆိုရင်တော့ နောက်ပိုင်းမှာ လူများ လိုက်ပါမှာ မဟုတ်တော့ပါဘူး။ အမေရိကန်မှာ Google , Amazon တို့လို ကုမ္ပဏီများက Drone များဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးဖို့ တီထွင်နေကြပါတယ်။ ဒါပေမယ့် ဒရုန်းများကို အကြမ်းဖက် လက်နက်များအဖြစ် အသုံးပြုနိုင်တဲ့အတွက် အမေရိကန်မှာ စီးပွားဖြစ် အသုံးပြုမှုကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ နယ်ပယ်မှာ နည်းပညာများ မြင့်မားလာတော့မှာ ဖြစ်ပါတယ်။

ref : tnw

%d bloggers like this: