အိပ်မပျော်တဲ့သူတွေအတွက် အိပ်မွေ့ချပေးမယ့် စမတ်ခေါင်းပတ်

ညညဆို မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်နေတဲ့ သူတွေအတွက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားအောင် ပြုလုပ်ပေးမယ့် စမတ်ခေါင်းပတ်ကို တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီရဲ့ ခေါင်းပတ်မှာတော့ တီးလုံးသံတွေနဲ့ အိပ်မွေ့ချပေးမယ့် နည်းပညာကို အသုံးပြုထားပြီး မထုတ်လုပ်ခင် လက်တွေ့စမ်းသပ်ခဲ့တဲ့ အခါမှာလည်း အတော်လေးကို အကျိုးသက်ရောက်မှု ရှိတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ပညာရှင်တွေကတော့ ဒီခေါင်းပတ်ကို နားနှစ်ဖက်ကိုပါ အုပ်ထားနိုင်အောင် ပြုလုပ်ထားပြီး ခေါင်းပတ်မှာ တွဲလျက် ပါဝင်တဲ့ နားကြပ်တွေကနေ စိတ်အာရုံလွင့်မျောမှုမဖြစ်စေအောင် တီးလုံးသံလေးတွေကို ထုတ်လွှင့်ပေးသွားမှာပါ။

ဒီလိုမျိုး တီးလုံးသံလေးတွေဟာဆိုရင်တော့ ဦးနှောက်ကို ကောင်းကောင်းမွန်မွန်အနားယူနိုင်အောင် လေ့ကျင့်ပေးသွားမှာဖြစ်ပြီး ဟိုတွေးဒီတွေးနဲ့ အိပ်မပျော်ဖြစ်နေသူတွေအတွက်တော့ အနူးညံ့ဆုံးနည်းလမ်းနဲ့ အိပ်မွေ့ချတာမျိုး ဖြစ်လာမယ်လို့ တီထွင်သူတွေက ပြောပါတယ်။

 

sleep headband 1

Sleep Shephard လို့ အမည်ပေးထားတဲ့ ဒီအိပ်မွေ့ချခေါင်းပတ်ဟာ 40 Hz နဲ့ 1500 Hz ကြားရှိတဲ့ တီးလုံးသံတွေကို ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး ဦးနှောက်ကို အိပ်ပျော်တဲ့ လုပ်ငန်းစဉ်အထိရောက်ရှိအောင် ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

နားကြပ်နှစ်ခုနဲ့ နဖူးဘက်မျက်နှာပြင်တွေမှာလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက် လှိုင်းတွေကို စောင့်ကြည့်နေတဲ့ အာရုံခံကိရိယာတွေပါဝင်ပြီး ဦးနှောက်လှိုင်းတွေက နှေးလာလေလေ ၊ တီးလုံးသံကလည်း တဖြည်းဖြည်း ညှင်သာသွားပြီး နောက်ဆုံးအိပ်ပျော်သွားတဲ့ အဆင့်ရောက်ရှိသွားတဲ့အခါမှာတော့ တီးလုံးသံကလည်း အလိုအလျောက် ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

အကယ်လို့ သင်အအိပ်လွန်တာမျိုးဖြစ်သွားရင်လည်း ဒီခေါင်းပတ်ကနေ သင့်နိုးထလာတဲ့အထိ တီးလုံးသံနဲ့ နိုးသွားပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ အိပ်စက်စဉ် ဦးနှောက်အခြေအနေတွေနဲ့ အိပ်စက်မှုမှတ်တမ်းတွေကိုလည်း ကောင်းမွန်တဲ့အခြေအနေမှာ ရှိ/မရှိဆိုတာကိုလည်း ခေါင်းပတ်နဲ့တွဲဖက်အသုံးပြုရမယ့် ဖုန်းအက်ပလီကေးရှင်းက အဆင့်သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီခေါင်းပတ်တွေကိုတော့ ဒေါ်လာ ၁၅၀ နဲ့ စတင်ရောင်းချနေပြီဖြစ်ပြီး Kickstarter ဝက်ဘ်ဆိုက်ကနေ စတင်ရောင်းချနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

Ref : Dailymail

%d bloggers like this: