အလွယ်တကူ ပြုပြင်နိုင်စေမယ့် စမတ်ဖုန်းတွေ ဖြစ်လာဖို့ ဥရောပပါလီမန် က အလိုရှိ

စမတ်ဖုန်းထုတ်လုပ်သူတွေ ဟာ ဥရောပ ပါလီမန် နဲ့  အလ္လာပသလ္လာပ မဟုတ်တဲ့ စကားတွေ ပြောရဖို့ ရှိနေပါပြီ။

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဥရောပ ပါလီမန် အစည်းအဝေးအပြီးမှာ အခုလို သတင်း ထွက်လာတာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဥရောပ ပါလီမန် ကို တက်ရောက်လာကြတဲ့ အမတ်တွေနဲ့ သက်ဆိုင်ရာ ကိုယ်စားပြုသူတွေဟာ Consumer Electronics အကြောင်း ကို ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြတဲ့ နေရာမှာ ဒရုမ်းတွေနဲ့ သူတို့ရဲ့ နည်းပညာတွေအပြင် အခုလို စမတ်ဖုန်းတွေ အကြောင်းကိုပါ အသေးစိတ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပါလီမန် ရဲ့ သတင်းထုတ်ပြန်ချက်အရ အီလက်ထရောနစ် ပစ္စည်းမှန်သမျှ ဟာ အလွယ်တကူ ပြုပြင်နိုင်စွမ်း ရှိရမယ် ဆိုတဲ့ အချက် ကို consumer electronic ထုတ်လုပ်ဖို့ လိုင်စင် စတင် လျှောက်ထားချိန်မှာ ကနဦး ပါရှိခဲ့ပေမယ့် TV,Video, တွေနဲ့ နောက်ဆုံး ကွန်ပျူတာတွေမှာ အလွယ်တကူ ပြင်ဆင်နိုင်ပေမယ့် လက်တော့ပ် အများအပြား နဲ့ မိုဘိုင်းဖုန်း တွေဟာ အလွယ်တကူ ပြင်ဆင်နိုင်ခြင်း မရှိတဲ့အချက်ကို ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ အဲဒါ ဟာ နည်းပညာ ဆင့်ကဲ တိုးတက် ဖြစ်ပေါ်မှုကို အနှောက်အယှက် ဖြစ်စေတယ် လို့ တက်ရောက်လာတဲ့ ပညာရှင်တစ်ယောက် က ပြောဆိုပါတယ်။

အဲဒီအတွက် မိုဘိုင်းဖုန်း သုံးစွဲသူတွေ ဟာ ကိုယ်တိုင် ဆီပျောက်၊ မီးပျောက် ကိစ္စကိုတောင် ကိုယ်တိုင် မပြင်ဆင်နိုင်တော့ဘဲ ပင်ရင်းဆိုင် သို့မဟုတ် ပြုပြင်ရေးဆိုင် ကို သာ ပို့လိုက်ရတဲ့အတွက် အဲဒီ စမတ်ဖုန်း တစ်ခု ရဲ့ အမှားအယွင်းတွေ ကို မသိရှိနိုင်တော့ဘဲ ဖြစ်နေတယ် လို့ ဆိုပါတယ်။ Computer တစ်ခု အနေနဲ့ ပြောရမယ် ဆိုရင် စာအနည်းငယ် ဖတ်ရုံမျှနဲ့ မားသားဘုတ် တွေကို ဖြုတ်၊ တပ် လဲလှယ်နိုင်ပေမယ့် စမတ်ဖုန်းမှာတော့ အဲဒီ လဲလှယ်နိုင်ဖို့ အခွင့်အရေး ရှားပါးတာဟာ စမတ်ဖုန်းတွေနဲ့ ပတ်သက်တဲ့ နည်းပညာအသစ် တွေကို တွေ့ရှိနိုင်မယ့် လမ်းစကို ပိတ်ပင်ရာရောက်နေတယ် လို့ ဆိုပါတယ်။

အဲဒီအတွက်ကို ယခု လာမယ့် လကုန်မှာ ဆက်လက်ဆွေးနွေး သွားမှာ ဖြစ်ပေမယ့် ပါလီမန် က လိုချင်တဲ့ အချက်အလက်တွေကို Electronic ထုတ်လုပ်သူတွေကို ပေးအပ်ခဲ့ပြီး ဖြစ်တယ် လို့ ဆိုပါတယ်။ အချက် ၃၀ ပါရှိတဲ့ စီးပွားရေး ထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက် အများအပြား ကို Apple ကဲ့သို့သော ကုမ္ပဏီကြီးတွေ က အစ မလိုက်နာခဲ့တဲ့အတွက် နည်းပညာအသစ်တွေကို ထိုးဖောက် တီထွင်နိုင်မယ့် လူငယ်၊ ကုမ္ပဏီငယ်တွေ လျော့ပါးလာခဲ့တာ ကိုတော့ ထပ်မံ အဖြေရှာသွားမယ် လို့ ဥရောပ ပါလီမန် က ဆိုပါတယ်။

Ref : AndroidPolice

%d bloggers like this: