၈ နာရီအတွင်း ဒီလို ချစ်စရာအိမ်လေးကို စက်ရုပ်ဖြင့် တည်ဆောက်

နေအိမ်တစ်လုံးကို လူများ တည်ဆောက်တဲ့ အခါမှာ လပေါင်းများစွာ အချိန်ကုန်ပြီး ကုန်ကျစားရိတ် များပြားပါတယ်။ အဲဒီအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများက နေအိမ်ရဲ့ အစိတ်အပိုင်းများကို တည်ဆောက်ပေးနိုင်တဲ့ စက်ရုပ်များကို အသုံးပြုလာကြပါတယ်။

ယူကရိန်း ဆောက်လုပ်ရေး ကုမ္ပဏီ Passivdom က သေးငယ်တဲ့ နေအိမ်များရဲ့ အစိတ်အပိုင်းများကို 3D-Printing နည်းပညာဖြင့် ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်က ၈ နာရီအတွင်းမှာ ၃၈၀ ပေ ပတ်လည် နေအိမ် အတွက် နံရံ၊ အိမ်ခေါင်မိုး၊ ကြမ်းခင်းများကို ထုတ်လုပ်ပေးနိုင်ပါတယ်။ နေအိမ်အတွက် ပြတင်းပေါက်၊ တံခါးများနဲ့ အီလက်ထရစ် စနစ်များကိုတော့ လူများက ကိုယ်တိုင် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

အဲဒီ နေအိမ်ဟာ ရွေ့လျားနေအိမ်ဖြစ်တဲ့အတွက် ပြင်ပမှ လျှပ်စစ်နဲ့ ရေပိုက်စနစ်များနဲ့ ချိတ်ဆက်စရာ မလိုပါဘူး။ နေရောင်ခြည် စွမ်းအင်ကို နေအိမ်နဲ့ ချိတ်ဆက်ထားတဲ့ ဘက်ထရီမှာ သိမ်းဆည်းထားပြီး ရေလှောင်ကန် ပါရှိပါတယ်။ မိုးရေများကို သန့်စင်ပေးတဲ့ စနစ်လည်း ပါသလို မိုးမရွာရင်လည်း ရေလှောင်ကန်ထဲသို့ ရေများကို ကိုယ်တိုင် ဖြည့်နိုင်ပါတယ်။ အိမ်မှာ ရေဆိုး ရေညစ်များ စွန့်ပစ်တဲ့ စနစ်လည်း ပါပါတယ်။

Passivdom နေအိမ်များရဲ့ အခြေခံ မော်ဒယ်ဟာ ဒေါ်လာ ၃၁ ၉၀၀ ဖြစ်ပြီး မြန်မာငွေ အားဖြင့် ၄၃၅ သိန်း ဝန်းကျင် တန်ကြေးရှိပါတယ်။ ယူကရိန်းနဲ့ အမေရိကန်မှာ အွန်လိုင်းကနေ ကြိုတင်မှာယူနိုင်ပါပြီ။ ယခုနှစ်နှောင်းပိုင်းမှာ ပထမဆုံး နေအိမ်ကို စတင် တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

ref : businessinsider

%d bloggers like this: