အူရီဒူးမြန်မာမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် Private APN ဝန်ဆောင်မှုကို မိတ်ဆက်

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် Private APN ဝန်ဆောင်မှုကို စတင်ပေးလိုက်အပ်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ Private APN ကို Corporate APN ဟုလည်း ခေါ်ဆိုကြပြီး အင်တာပရိုက် နှင့် ကော်ပိုရေးရှင်း စသည့်လုပ်ငန်းများအနေဖြင့် မိုးဘိုင်းကွန်ရက်မှတစ်ဆင့် လုပ်ငန်ရှင်များ၏ သီးသန့် Private LAN ကို လုံခြုံစိတ်ချစွာဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Private APN ကို အသုံးပြုခြင်းဖြင့် မိမိတို့၏ လုပ်ငန်း အီးမေးလ်၊ ရုံးတွင်းသုံးစနစ်နှင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို လုံခြုံစိတ်ချစွာဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့လုပ်ငန်း၏ ကိုယ်ပိုင်ကွန်ရက်ကို ချိတ်ဆက်ခြင်း နှင့် အခြားသော တရားဝင်အက်ပလီကေးရှင်းများကိုလည်း အူရီးဒူး၏ လုံခြုံစိတ်ချရပြီး မြန်မာဆန်လှသည့် ကွန်ရက်မှ တစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ကြောင့် မိမိတို့အသုံးပြုသည့် ကွန်ပြူတာများ၊ မိုဘိုင်းဖုန်းများမှာ အန္တရာယ်ကင်းမှု၊ လုံခြုံမှု နှင့် ကာကွယ်မှု အပြည့်အဝရှိနေမည်ဖြစ်သည့်အတွက် အခြားသော ပြင်ပမှာ spammer အနေဖြင့်သော်လည်းကောင်း ဗိုင်းရပ်စ်အနေဖြင့်သော်လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး မဖြစ်နိုင်ကြောင်းသိရသည်။

အူရီဒူးမြန်မာ၏ Private APN သည် လုပ်ငန်းဆိုင်အချက်အလက်များကို မိမိတို့၏ရုံးချုပ်နှင့် လုံခြုံစိတ်ချစွာ ချိတ်ဆက်အသုံးပြုရန်လိုအပ်သော ရုံးခွဲများသာမက လုပ်ငန်းကိစ္စဖြင့် ခရီးဝေးရောက်ရှိနေသော ဝန်ထမ်းများပါ ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းခွင်သုံး ကွန်ပြုတာများနှင့် မိုဘိုင်းဖုန်းများကဲ့သို့ စက်ပစ္စည်းတစ်ခု နှင့် တစ်ခုချိတ်ဆက်ပြီး ၎င်းစက်ပစ္စည်းကို ခြေရာခံခြင်း၊ စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နိုင်ခြင်း၊ အဝေးမှနေ၍အသုံးပြုနိုင်သော အက်ပလီကေးရှင်းများနှင့် အခြားသော လုပ်ငန်းဆက်စပ်မှုအချက်အလက်များ စသည့် သတင်းအချက်အလက်များ ပေးပို့ရာတွင် လုံခြုံစိတ်ချရခြင်းစသည့် ဝန်ဆောင်မှုကို ပေးလျှက်ရှိသည်။

“လုပ်ငန်းများအဆင်ပြေစွာလည်ပတ်လုပ်ဆောင်နေစေရန်အတွက် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတိုးတက်မြင့်မားရေးအတွက် အထောက် အကူပြုသည့် ဆန်းသစ်တီထွင်သော ဝန်ဆောင်မှုများကို အူရီဒူးမြန်မာမှ ဝန်ဆောင်မှုပေး လျှက်ရှိပါသည်။ အူရီဒူးရဲ့ မိုဘိုင်းကွန်ရက်မှ တဆင့် သင်တို့ရဲ့ Private LAN ကွန်ရက်ကို စိတ်ချလုံခြုံရတဲ့ ကွန်ရက်ကနေပြီး ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် ကျွန်တော်တို့က ဝန်ဆောင်မှုပေးအပ်လိုက်ပါသည်။ အူရီဒူး APN ဝန်ဆောင်မှုသည် အကျိုးရှိပြီး ကုန်ကျစရိတ် ထိရောက်သော ဝန်ဆောင်မှုတစ်ခုဖြစ်သည့်အပြင် လုပ်ငန်းနှင့် သင့်လျော်သည့် ဒေတာအစီအစဉ်များကို ရွေးချယ်ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ “ ဟု အူရီဒူးမြန်မာ၏ Chief Business Officer ဖြစ်သူ Mr. Anadi Agnihotri က ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: