တိုယိုတာက နှလုံးကျန်းမာရေးကို စောင့်ကြည့်တဲ့ နည်းပညာကို ကားများမှာ ထည့်သွင်းမည်

ကားမောင်းနေစဉ်မှာ နှလုံးရောဂါ ဖောက်ခြင်းဟာ အန္တရာယ်များပါတယ်။ ယာဉ်မောင်းသူအတွက် သာမက အနီးအနားမှ လမ်းသွားလမ်းလာများကိုပါ ထိခိုက်စေပါတယ်။ ဒီလို ပြဿနာကို ဖြေရှင်းဖို့အတွက် တိုယိုတာက နှလုံးကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးပေးတဲ့ နည်းပညာကို ဖန်တီးနေပါတယ်။ တိုယိုတာက ၂၀၂၀ ခုနှစ်မှာ အဲဒီ နည်းပညာကို ကားများမှာ အောင်မြင်စွာ ထည့်သွင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

တိုယိုတာက ဒီနည်းပညာကို တီထွင်ဖို့အတွက် Michigan Medicine နဲ့ ပူးပေါင်းထားပါတယ်။ သုတေသန စီမံကိန်းကို ဦးဆောင်နေတဲ့ ဒေါက်တာ Kayvan Najarian က “ တိုယိုတာဟာ ယာဉ်မောင်းသူရဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းကို ခွဲခြမ်းစိတ်ဖြာ၍ နှလုံးဖောက်ခြင်းကို ကြိုတင်ခန့်မှန်းနိုင်တဲ့ နည်းပညာကို အလိုရှိနေပါတယ်။ ဒါပေမယ့် ဒီနည်းပညာကို ဖန်တီးဖို့ အခက်အခဲများ ရှိနေပါတယ်။ ဆေးရုံများမှာ အသုံးပြုတဲ့ ကိရိယာများရဲ့ စံနှုန်းကို မီတဲ့ ကိရိယာကို ကားများမှာ ထည့်သွင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ “ လို့ ပြောပါတယ်။

၂၀၃၀ ခုနှစ်မှာ အသက်အရွယ်ကြီးတဲ့ ယာဉ်မောင်းများ တိုးပွားလာမှာ ဖြစ်ပြီး ယာဉ်မောင်းစဉ် ကျန်းမာရေး ဖောက်ပြန်မှုများ တိုးပွားလာနိုင်ပါတယ်။ အဲဒီ အတွက် တိုယိုတာက ဒီနည်းပညာကို တီထွင်နေတာ ဖြစ်ပါတယ်။ ပညာရှင်များက ကားများမှာ Sensors များနဲ့ ဆော့ဖ်ဝဲများကို တပ်ဆင်ကြမှာ ဖြစ်ပါတယ်။ Sensors များကို ကားရဲ့ စတီယာရင်၊ ထိုင်ခံ ခါးပတ်များမှာ မြှပ်နှံတပ်ဆင်ထားကြမှာ ဖြစ်ပါတယ်။ အဓိက စိန်ခေါ်မှု တစ်ခုက နှလုံးအခြေအနေကို တိကျစွာ တိုင်းတာပေးနိုင်တဲ့ ဆော့ဖ်ဝဲကို ဖန်တီးဖို့ ဖြစ်ပါတယ်။ အနာဂတ်မှာ အလိုအလျှောက် မောင်းနှင်တဲ့ ကားများက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပေမယ့်လည်း အဲဒီကားများကို အောင်မြင်စွာ ထုတ်လုပ်ဖို့ အချိန်များစွာ လိုအပ်ပါသေးတယ်။

ref : dailymail, digitaltrends

%d bloggers like this: