အူရီဒူးဆင်းကတ် တရားဝင်ဝယ်ယူနိုင်မည့် နေရာများနှင့်ပတ်သတ်၍ သတင်းထုတ်ပြန်

အူရီဒူးမြန်မာအနေဖြင့် ဆင်းကတ်များကို ဖုန်းဆက်ပြီးရောင်းချခြင်းမရှိကြောင်းနှင့် အူရီဒူးဆင်းကတ် တရားဝင်ဝယ်ယူရရှိနိုင်မည့် နေရာများနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် အူရီဒူးအနေဖြင့် သုံးစွဲသူများအား အစဉ်အမြဲပထမနေရာတွင်ထားရှိပြီး သုံးစွဲသူများ၏တန်ဖိုးရှိသည့် အချိန်အတွက် မည်ကဲ့သို့သော နှောက်ယှက်မှုမျိုးမှ မဖြစ်စေရန် အဓိကထားဆောင်ရွက်လျက်ရှိသည့်အတွက် မိမိတို့၏ဆင်းကတ်များအား သုံးစွဲသူများထံသို့ ဖုန်းခေါ်ဆိုရောင်းချခြင်းမျိုးကို လုပ်ဆောင်ခြင်းမရှိဘဲ သုံးစွဲသူများ အဆင်ပြေစေမှုအတွက် မိမိတို့ကြိုက်နှစ်သက်ရာအူရီဒူးဆင်းကတ်များကို လွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးထားကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

ဒါ့အပြင် မိမိကြိုက်နှစ်သက်ရာ နံပါတ်များပါဝင်သည့် အူရီဒူးဆင်းကတ်ဝယ်ယူနိုင်ရန်အတွက် My Ooredoo အက်ပလီကေးရှင်းကို အသုံးပြုခြင်းမှာ အကောင်းဆုံးနှင့်အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး My Ooredoo အက်ပလီကေးရှင်းတွင်ပါဝင်သည့် Reserve Number ခလုတ်ကိုနှိပ်၍ သုံးစွဲသူအနေဖြင့် မိမိကြိုက်နှစ်သက်ရာ အနည်းဆုံး ဂဏန်း ၄ လုံးနှိပ်၍ မိုဘိုင်းဖုန်းနံပါတ်အလှကို ရှာဖွေနိုင်မည်ဖြစ်သည်။

ယင်းနောက် Submit ခလုတ်ကိုနှိပ်၍ စာရင်းတင်သွင်း နိုင်မည်ဖြစ်ပြီး စိတ်ကြိုက်နံပါတ်၊ နံပါတ်အလှများစသည်တို့ကို Normal၊ 3 Stars၊ 2 Stars၊ 1 Star အစရှိသဖြင့် အသီးသီးဖော်ပြထားမည်ဖြစ်သည်။

သုံးစွဲသူအနေဖြင့် မိမိကြိုက်နှစ်သက်သည့်ဂဏန်းကို ထောက်၍ ဈေးနှုန်းကိုပါ တစ်ပါတည်းသိရှိနိုင်မည်ဖြစ်သည်။ ယင်းနောက် Proceed ခလုတ်ကိုနှိပ်၍ မိမိကြိုက်နှစ်သက်ရာအူရီဒူးနံပါတ် မှာယူနိုင်မည်ဖြစ်ပြီး အူရီဒူးမှ နံပါတ်မှာယူမှုအောင်မြင်ကြောင်း အတည်ပြုမက်ဆေ့ချ်ရရှိမည်ဖြစ်သည်။ သုံးစွဲသူအနေဖြင့် ယင်းမက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ၂၄ နာရီအတွင်း အဆိုပါဆင်းကတ်ကို ဝယ်ယူရန်အတွက် နီးစပ်ရာအူရီဒူးအရောင်းဆိုင်သို့ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။

အခြားနည်းလမ်းတစ်ခုမှာ အူရီဒူးဆင်းကတ်ကိုဝယ်ယူလိုသည့်မည်သူမဆို အူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင် (သို့) အရောင်းဆိုင်ခွဲ (သို့) လက်လီအရောင်းဆိုင် (သို့) ကျေးလက်ဒေသအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ ဆင်းကတ်အားလုံးအား မှတ်ပုံတင်ပြီးမှ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

%d bloggers like this: