Google I/O ပထမနေ့မှ အကောင်းဆုံး ကြေညာချက်များ

Google ရဲ့ စီအီးအို Sundar Pichai ဦးဆောင်ပြီး Google I/O ပွဲကို ကျင်းပနေပါတယ်။ ပွဲမှာ Android , Google Assistant , Google Home , Virtual Reality အပါအဝင် Google ရဲ့ အနာဂတ် ထုတ်ကုန်များကို ရှင်းလင်း ပြောကြားနေပါတယ်။ အဲဒီပွဲရဲ့ ပထမ ရက်မှ အကောင်းဆုံး ကြေညာချက်များကို ရွေးထုတ် တင်ဆက်ပေးလိုက်ပါတယ်။

Android သုံးသူ ၂ ဘီလီယမ် ကျော်ပြီ။

Android ဟာ မိုဘိုင်း မောင်းနှင်စနစ် နယ်ပယ်မှာ အရှိန်အဟုန်မြင့်မားစွာ ထိုးဖောက်နေပါတယ်။ စီအီးအို Sundar Pichai က ပွဲမှာ Android Device အသုံးပြုသူဟာ လတိုင်း ၂ ဘီလီယမ်ကျော်ရှိတယ်လို့ ကြေညာပါတယ်။ အဲဒီအထဲမှာ စမတ်ဖုန်း၊ တက်ဘလက်၊ Android Wear Devices ၊ Android TVs နဲ့ Android OS ထည့်ထားတဲ့ အခြား ကိရိယာများ ပါပါတယ်။


သင့် ပတ်ဝန်းကျင်မှ အရာများကို နားလည် သိရှိလာတဲ့ Google Assistant

Google Assistant ဟာ စမတ်ဖုန်း ကင်မရာများရဲ့ အကူအညီဖြင့် သင့် ပတ်ဝန်းကျင်မှ အရာများကို ခွဲခြမ်းစိတ်ဖြာလာနိုင်ပါပြီ။ Google Lens လို့ အမည်ပေးထားတဲ့ နည်းပညာကို အသုံးပြုခြင်းဖြင့် Assistant က သင့် ပတ်ဝန်းကျင်မှ အရာများကို ခွဲခြမ်းစိတ်ဖြာ၍ ဖုန်းမှာ သင့်တော်တဲ့ အရာများကို ပြသပေးမှာပါ။ သင် စားသောက်ဆိုင်တစ်ခုအနားသို့ ရောက်နေချိန်မှာ သူ့ရဲ့ Rating များကို ဖုန်းကနေ ပြသမှာပါ။ ကင်မရာကနေ ပန်းတစ်ပွင့်ကို ချိန်ရွယ်လိုက်ရင် သူ့ရဲ့ မျိုးစိတ်ကို သိရမှာပါ။ ဝိုင်ဖိုင်ကွန်ရက်ရဲ့ Password ကို ချိန်ရွယ်လိုက်ရင် အဲဒီ ဝိုင်ဖိုင်ကို သုံးနိုင်မှာပါ။


iPhone မှာ သုံးနိုင်မယ့် Google Assistant

Assistant ကို Android အပြင် iOS မှာပါ ဒီနေ့ပဲ အသုံးပြုနိုင်ပါပြီ။ iPhone , iPad များအတွက် Standalone App အဖြစ် သူ့ကို ဖြန့်ချီပေးထားပါတယ်။ Android မှ Assistant ရဲ့ စွမ်းရည်အားလုံးကို iOS မှာ အသုံးချနိုင်ပါတယ်။


ဖုန်းလို သုံးနိုင်တဲ့ Google Home

Amazon လိုပဲ Google က သူ့ရဲ့ စမတ် စပီကာကို ဖုန်းလို သုံုးနိုင်အောင် ဖန်တီးပေးလိုက်ပါတယ်။ လာမယ့်လများအတွင်းမှာ Home ကနေ အမေရိကန်နဲ့ ကနေဒါသို့ အခမဲ့ ဖုန်း ပြောနိုင်ပါပြီ။ Default အားဖြင့် Home အတွက် သီးခြား ဖုန်းနံပါတ်ကို သုံးရမှာ ဖြစ်ပေမယ့် သင့် မိုဘိုင်းဖုန်း နံပါတ်ကိုလည်း Home အတွက် သုံးနိုင်ပါတယ်။ အိမ်သားအားလုံးက ကိုယ်ပိုင် ဖုန်းနံပါတ်များဖြင့် Home ကနေ ဖုန်းပြောနိုင်ပါတယ်။


ပိုမို အသုံးဝင်လာတဲ့ Home

Google က Home ရဲ့ စွမ်းဆောင်ချက် အသစ်များကိုလည်း ကြေညာလိုက်ပါတယ်။ Home ကနေ HBO Now, Hulu, SoundCloud, Deezer တို့ကို ထိန်းချုပ်နိုင်ပါပြီ။ Bluetooth ကို ထောက်ပံ့လာတဲ့အတွက် Bluetooth Speaker တစ်လုံးလို သုံးနိုင်ပါပြီ။ Home မှာ ပါတဲ့ Google Assistant ကို သုံးခြင်းဖြင့် စကရင်များကနေ သတင်းအချက်အလက်များကို ပြသပေးမှာပါ။ Chromecast တပ်ဆင်ထားတဲ့ တီဗီမှာလည်း သတင်းအချက်အလက်များကို ကြည့်နိုင်မှာပါ။ တည်နေရာ လမ်းညွှန်မှုများကို Home အားမေးလိုက်ရင် သင့်ဖုန်းမှ Google Maps မှာ ပြသပေးမှာပါ။

Books နဲ့ ဉာဏ်ရည်မြင့် Sharing စွမ်းရည် ပါလာတဲ့ Google Photos

အခုဆိုရင် Google Photos က သင့် ဓါတ်ပုံများမှာ ပါတဲ့ လူများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အဲဒီ ဓါတ်ပုံများကို သူတို့ထံ မျှဝေဖို့ အကြံပေးနိုင်ပါပြီ။ Suggested Sharing လို့ Google က အမည်ပေးထားပါတယ်။ မိသားစုဝင်များ ဓါတ်ပုံများကို တစ်နေရာထဲမှာ သိမ်းနိုင်တဲ့ Shared Libraries လည်း ပါလာပါတယ်။ နေ့ရက်တစ်ခုမှ ဓါတ်ပုံများ၊ တစ်စုံတစ်ယောက်ပါတဲ့ ဓါတ်ပုံများကို လွယ်ကူစွာ မျှဝေနိုင်တဲ့ စွမ်းရည်ကိုလည်း ထည့်ပေးထားပါတယ်။

သင့်ရဲ့ ဒစ်ဂျစ်တယ် ဓါတ်ပုံများကို ဓါတ်ပုံအဖြစ် ပရင့်ထုတ်ပြီး သိမ်းထားနိုင်တဲ့ Books ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ ဖုန်းကနေ Books များ ဖန်တီးနိုင်ပြီး အနာဂတ်မှာ ဓါတ်ပုံများမှ မလိုလားအပ်တဲ့ အရာများကို အလိုအလျှောက် ဖယ်ရှားပေးတဲ့ စွမ်းရည် ပါလာမှာပါ။

Standalone Virtual Reality Headsets များ လာမည်။

Google က လက်ရှိ Daydream ထက် စွမ်းရည် မြင့်မားတဲ့ VR Headset များကို ဖန်တီးနေပါတယ်။ စမတ်ဖုန်း ချိတ်ဆက်စရာ မလိုတဲ့ Headsets များဖြစ်ပြီး HTC, Lenovo တို့နဲ့ ပူးပေါင်း ထုတ်လုပ်ပေးမှာပါ။ Headsets များကို Tango Augmented Reality System မှ နည်းပညာ ဖြစ်ပြီး Google က WorldSense လို့ အမည်ပေးထားတဲ့ စနစ်က မောင်းနှင်မှာပါ။

Android O Beta ကို သုံးနိုင်ပြီ။

Google က Android O အတွက် Preview Program ကို မိတ်ဆက်လိုက်ပြီး ပထမဆုံး Beta Version ကို ဖြန့်ချီပေးလိုက်ပါတယ်။ တိုးတက်လာတဲ့ Notification System , Picture-in-Picture Mode အပါအဝင် Android O ရဲ့ စွမ်းဆောင်ချက် အသစ်များကို မြည်းစမ်းနိုင်ပါတယ်။ Pixel or Nexus Device များမှာသာ သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။

Android သုံးသူ ဘီလီယမ်များစွာ တိုုးပွားစေမယ့် Android Go

Google က စွမ်းရည်နိမ့် ဖုန်းများနဲ့ အင်တာနက် နှေးကွေးတဲ့ နေရာဒေသများအတွက် အဆင်ပြေစေမယ့် Android Go OS ကို မိတ်ဆက်လိုက်ပါတယ်။ Android O ကို အခြေပြု ဖန်တီးထားတာ ဖြစ်ပြီး Memory , Storage , Data အနည်းငယ်ကိုသာ သုံးတဲ့ Google Apps များ ထည့်ပေးထားပါတယ်။ YouTube Go လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင့်တော်တဲ့ Apps များ ရှိတဲ့ သီးခြား Play Store လည်း ပါလာပါတယ်။ 512MB RAM သာပါတဲ့ ဖုန်းများမှာတောင် Android Go က အလုပ်လုပ်ပါတယ်။ Android Go ကိုတော့ လက်ရှိမှာ ဖန်တီးနေဆဲ ဖြစ်ပါတယ်။

ref : theverge

%d bloggers like this: