Telenor Myanmar က နည်းပညာဆိုင်ရာ အလုပ်ခွင် သင်တန်းသားအစီအစဉ်ကို မိတ်ဆက်

Telenor Myanmar သည် ပြည်တွင်းမှ အရည်အချင်း ရှိသော လူငယ်လူရွယ်များအနေနှင့် ပြိုင်ဆိုင်မှုပြင်းထန်သော အလုပ်ခွင်များတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ရာ၌ အဆင်သင့် ဖြစ်နေစေရေး အထောက်အကူပြုရန် ရည်ရွယ်၍ ပထမဆုံးအကြိမ် နည်းပညာဆိုင်ရာ အလုပ်ခွင် သင်တန်းသား အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါအစီအစဉ်အရ အရည်အချင်းရှိ ဘွဲ့ရကာစ လူငယ်များအား ကုမ္ပဏီမှနေ၍ တစ်နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ထူးချွန်သော သင်တန်းသူ/သားများအနေနှင့် စာချူပ်သက်တမ်းကုန်ဆုံးချိန် တွင် ကုမ္ပဏီ၌ အချိန်ပြည့်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခွင့်ရရန် အခွင့်အလမ်းများမည်ဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းတဲ့ဈေးကွက်ဖော်ဆောင်မှုတွေကို လုပ်ဆောင်ခဲ့တာ အချိန်သိပ်မကြာသေးတာမို့ အထူးသဖြင့် ဆက်သွယ်ရေးလုပ်ငန်းလို စီးပွားရေးနယ်ပယ်အသစ်တွေ အတွက် သင့်တော်တဲ့ အရည်အချင်းရှိ ဝန်ထမ်းတွေကို ရှာဖွေရာမှာ စိန်ခေါ်မှုတစ်ခု အဖြစ်ရှိနေဆဲပါ။ ဒီအစီအစဉ်ကနေပြီး မြန်မာနိုင်ငံက လုပ်ငန်းကဏ္ဍတွေ အတွက် လုပ်ငန်းခွင် ဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အရည်အချင်းရှိတဲ့သူတွေကို မွေးထုတ်ပေးခြင်းအားဖြင့် အဲဒီ ကွက်လပ် ကို ဖြည့်ဆည်းပေးနိုင် လိမ့်မယ်လို့ တယ်လီနောအနေနဲ့ ယုံကြည်ပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကနေပြီး ဘွဲ့ရကာစ လူငယ်တွေအနေနဲ့ တယ်လီနောရဲ့ အတွေ့အကြုံရှိ ပြည်တွင်းနဲ့ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ လက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်း တွေကို လက်တွဲလုပ်ဆောင်နိုင်မယ့် အခွင့်အရေးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို မြန်မာနိုင်ငံက လူငယ်လူရွယ်တွေကို အားပေးကူညီနိုင်မယ့် အစီအစဉ်တစ်ခုကို စတင်ပြုလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်မတို့အနေနဲ့ ဝမ်းသာကျေနပ်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူ Goldie ရွှေရည်ဝင်းလဲ့က ပြောကြားသည်။

အစီအစဉ်၏ ပထမအသုတ်အနေဖြင့် တယ်လီနောသည် ဘွဲ့ရလူငယ် ၁၀ ဦးအား ‘နည်းပညာဆိုင်ရာ အလုပ်ခွင် သင်တန်း သားများ’ အဖြစ်လက်ခံမည် ဖြစ်ပြီး ကွန်ပျူတာ တက္ကသိုလ်များမှ ဘွဲ့ရလူငယ်များနှင့် နည်းပညာတက္ကသိုလ်များမှ Electrical Communication နှင့် Information Technology ဘာသာရပ်များကို အထူးပြုသင်ကြားခဲ့သည့် ဘွဲ့ရလူငယ်များ အား အဆိုပါ အစီအစဉ်မှတဆင့် ခန့်အပ်နိုင်ရန် ရည်ရွယ်ထား သည့်အပြင် ယခုအစီအစဉ်နှင့် ကိုက်ညီသည့် ဒီပလိုမာ သို့မဟုတ် အောင်လက်မှတ် ကိုင်ဆောင်ထားသည့် ဘွဲ့ရလူငယ်များလည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ရွေးချယ်ခံရသူများသည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်မည်ဖြစ်သည့် ၁၂ လကြာသက်တမ်းရှိ စာချုပ်တစ်ခုကို ချုပ်ဆို၍ တယ်လီနောနှင့် လက်တွဲအလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး တယ်လီနော၏ ဆက်သွယ်ရေးကွန်ရက်နှင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်သောဌာနများတွင် ၅ ဦးစီ အလုပ်ခွင် သင်တန်းသားအဖြစ် လုပ်ကိုင်သွားကြရမည် ဖြစ်သည်။

သင်တန်းသားများအနေဖြင့့် ၎င်းတို့၏ သက်ဆိုင်ရာအလုပ်ခွင်များသို့ မဝင်ရောက်မီ အလုပ်ခွင်တွင်း သိသင့်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည့် ၃ ရက်ကြာ အလုပ်ခွင် မိတ်ဆက်အစီအစဉ်ကို စတင်တက်ရောက်ကြရ မည် ဖြစ်ပြီး အဆိုပါ အစီအစဉ်တွင် တယ်လီနောလုပ်ငန်းစုနှင့် တယ်လီနော၏အလုပ်လုပ်ကိုင်သည့် နည်းစနစ်များကို မိတ်ဆက်ပြောကြားခြင်း၊ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းအကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အချက်အလက်လုံခြုံမှု ရေးရာများကို ရှင်း လင်း ပြောကြားခြင်းတို့ကို ပြုလုပ်ပေးမည် ဖြစ်သည်။

စိတ်ပါဝင်စားပြီး အရည်အချင်းကိုက်ညီမှုရှိသည့် ဘွဲ့ရလူငယ်များအနေနှင့် လျှောက်လွှာများကို တယ်လီနော၏ ဝက်ဘ် ဆိုက်တွင် ရယူကာ ပြည့်စုံစွာ ဖြည့်စွက်ထားသော လျှောက်လွှာများအား မိမိ တို့၏ ကိုယ်ရေးရာဇဝင် နှင့်အတူ technologytrainee@telenor.com.mm သို့ မေလ ၃၁ ရက်နေ့နောက်ဆုံးထား ပေးပို့ လျှောက်ထားနိုင်သည်။ လျှောက်ထားသူများထဲမှ ဆန်ကာတင်စာရင်းတွင် ပါဝင်သူများကိုသာ လူတွေ့စစ်ဆေးရန် ဆက်သွယ်မည်ဖြစ်ကြောင်းသိရသည်။

%d bloggers like this: