MPT က Mobile Remote Access ဝန်ဆောင်မှု စတင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လုံခြုံစိတ်ချရသော Mobile Remote Access (MRA) ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပြီး ကုမ္ပဏီ၏ ဆာဗာ နှင့် ဒေတာများကို မိုဘိုင်းလ်ပစ္စည်း အမျိုးမျိုးမှတစ်ဆင့် ခိုင်မာကောင်းမွန်သော စီးပွားရေးသုံးကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်ရသော ဝန်ဆောင်မှုကို သက်သာသောနှုန်းထားများနှင့် ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

MPT ရဲ့ Mobile Remote Access ဝန်ဆောင်မှုသည် M2M (Machine to Machine) နှင့် IoT (Internet of Things) ဆက်သွယ်ရေး ပုံစံဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို လုပ်ငန်းအဖွဲ့အစည်းကြီးများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများမှ အသေးစားရုံးခန်းများ(ရုံးခွဲများ) သို့မဟုတ် နေအိမ်များအထိပါ တိုးချဲ့ အသုံးပြုနိုင်သည်။

ထို့အပြင် ATM စက်များ၊ လက်လီအရောင်းဆိုင်များကဲ့သို့သော နေရာများ၌ သုံးစွဲသူ၏ ထိခိုက်လွယ်သော(လျှို့ဝှက်) သတင်းအချက်အလက်များကို ထိန်းချုပ်ပေးပြီး၊ ဆင်းမ်ကတ်အသုံးပြုနိုင်သည့် ကွန်ပျူတာများနှင့် မိုဘိုင်း Hotspots တို့ကဲ့သို့သော စက်ပစ္စည်းများမှတစ်ဆင့်လည်း ကုမ္ပဏီ၏ကွန်ရက်ကို ဝင်ရောက်ချိတ်ဆက်နိုင်မည်ဖြစ်သည်။

အင်တာနက်မှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သော ပုံမှန် Standard MRA နှင့် Virtual Private Network (VPN) ကိုအသုံးပြုသော ပိုမိုလုံခြုံသည့် Secured MRA ဟူ၍ ဝန်ဆောင်မှုနှစ်မျိုးကို MPT မှ ယခု မိတ်ဆက်လိုက်ပြီဖြစ်သည်။

အဆိုပါဝန်ဆောင်မှုသည် မြန်မာနိုင်ငံရှိ မိုဘိုင်းလ်အော်ပရေတာများအကြား ပထမဆုံးဆောင်ရွက်လိုက်သော ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး လုံခြုံစိတ်ချရမှုကို အမြင့်မားဆုံး စွမ်းဆောင်ပေးမည့် IP-VPN စနစ်ဖြင့် ချိတ်ဆက်ဆက်သွယ်မှုတို့ကို အထောက်အပံ့ ပေးထားသည်။

MRA ဝန်ဆောင်မှုနှစ်ခုလုံးကို Access Point Name (APN) နှင့်ဆောင်ရွက်ထားပြီး စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီတိုင်းကို MPT ကွန်ရက်ပေါ်တွင် တိကျသေချာစွာ ထိန်းသိမ်းပေးသွားမည် ဖြစ်သည့်အပြင် သုံးစွဲသူများ၏ ဆင်းမ်ကတ်များမှ မိမိတို့ကုမ္ပဏီ၏ ကိုယ်ပိုင်ကွန်ရက်သို့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ရာ ဆက်သွယ်ချိတ်ဆက်မှုများမှာ ပိုမိုလုံခြုံစိတ်ချမှုရှိသည်။

MPT – KSGM မှာ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ Mobile Remote Access ဝန်ဆောင်မှုဟာ လုံခြုံရေးစနစ်မြင့်မားတဲ့ MPT ရဲ့ ဒေတာကိုအသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်တွေကို ဆက်သွယ်ပေးနိုင်ဖို့ ကူညီနိုင်ပါတယ်။ မိမိတို့ရဲ့စီးပွားရေးကွန်ရက်ကို ဝေးလံခေါင်ဖျားတဲ့ နေရာတွေက ရုံးဝန်ထမ်းတွေ၊ ရုံးခန်းတွေနဲ့ အခြားမိုဘိုင်းလ်စက်ကိရိယာတွေဆီကို ချဲ့ထွင်ပြီး လုပ်ငန်းတွေကို အတားအဆီးမရှိ ဆောင်ရွက်နိုင်ပါပြီ” ဟု ပြောကြားခဲ့ပါသည်။

ကွန်ရက်နှင့် ချိတ်ဆက်ထားသော ဆင်းမ်ကတ်အရေအတွက်ပေါ်မူတည်ပြီး ဝန်ဆောင်ခကို လစဉ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုကိုအသုံးပြူရာတွင် GSM သို့မဟုတ် WCDMA ဆင်းမ်ကတ်များကို အရေအတွက်အကန့်အသတ်မရှိ ရွေးချယ်အသုံးပြုနိုင်မှာဖြစ်သည်။

MPT ၏ MRA ဝန်ဆောင်မှု နှင့် အခြားသော B2B ဝန်ဆောင်များဖြစ်သည့် ဖိုက်ဘာ၊ ဒေတာ၊ Closed User Group နှင့် Mobile Enablement package အစရှိသော အထူးဝန်ဆောင်မှုများနှင့် ပတ်သက်၍ B2B ဝန်ဆောင်မှုဌာန [email protected] သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။

%d bloggers like this: