Telenor ၏ ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှု သင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်   

Telenor သည် ဝေးလံသည့် တိုင်းရင်းသားဒေသများနှင့် ကျေးလက်တို့ရှိ လူငယ်နှင့် ကျောင်းသူကျောင်းသားများ ဒစ်ဂျစ်တယ် နည်းပညာ သိနား လည်မှုတိုးတက် မြင့်မားမှုအတွက် အထောက်အကူဖြစ်စေရန် ဒစ်ဂျစ်တယ် နည်းပညာ တက်ကျွမ်းမှု နွေရာသီသင်တန်းကို ပထမဆုံးအကြိမ် အဖြစ် မေလ (၂) ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရှေ့ပြေးဖွင့်လှစ်ခဲ့သည့် ယင်း နွေရာသီသင်တန်းကို အလယ်တန်းနှင့် အထက်တန်းကျောင်းသူ/သား ၂၀၀ ခန့်တက်ရောက်ကြမည် ဖြစ်သည်။

ကျောင်းသူ/သားများသည် တစ်နေ့လျှင် ၃ နာရီကြာ ကွန်ပျူတာနှင့် စမတ်ဖုန်း အခြေခံ ကျွမ်းကျင်မှု၊ လူမှုကွန်ရက် မိတ်ဆက်နှင့် ဘေးကင်းသောအင်တာနက် အသုံးပြုမှု စသည်တို့ကို လေ့လာသင်ယူကြရမည် ဖြစ်သည်။

ဘေးကင်းသော အင်တာနက် အသုံးပြုမှု ခေါင်းစဉ်အောက်တွင် ပညာရေးနှင့်ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အချက် အလက်များခိုးယူခံရခြင်း၊ ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုများ၊ အင်တာနက် အခြေပြု လိင်ခေါင်းပုံဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာတိုများပေးပို့မှုများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်း  စသည်အွန်လိုင်းပေါ် တွင် ကြုံတွေ့နိုင်ရသော ဘေးအန္တရာယ် ဖြစ်နိုင်ချေများကိုဟောပြောခြင်းများအပါအဝင် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာ မည်သို့နေထိုင်နိုင်မည်ဆိုသော အချက် အလက်များ ပါဝင်သည်။

ယခု နွေရာသီ သင်တန်းများတွင် တယ်လီနောနှင့် ကယားပြည်နယ် အလင်းအိမ်အိုင်စီတီ နည်းပညာဖွံ့ဖြိုးရေး စင်တာ လုပ်ငန်းရှင်တို့နှင့်အတူ ဧပြီလက ဖွင့်လှစ်ခဲ့သော ဆရာဖြစ် သင်တန်းအောင်မြင်ပြီးဆုံးခဲ့သည့် ဒေသခံလူငယ်ဆရာ ၁၀ ဦး တို့ ပူးပေါင်း သင်ကြားပေးလျက်ရှိသည်။

တယ်လီနောသည် ယခုကဲ့သို့ နွေရာသီ သင်တန်းအကောင်အထည် ဖော်ရန် အတွက် ဆရာဖြစ် သင်တန်းကို တယ်လီနောနှင့် လုပ်ငန်းလက်တွဲလုပ်ကိုင်လျက်ရှိသည့် ဖွံ့ဖြိုးမှု အတွက် အိုင်စီတီ အဖွဲ့ (MIDO) နှင့် ကယားနှင့် မန္တလေးရှိ တယ်လီနော အလင်းအိမ် လုပ်ငန်းရှင်တို့နှင့် ပူးပေါင်း ဖွင့်လှစ် ခဲ့သည်။

ဒစ်ဂျစ်တယ် နည်းပညာ တက်ကျွမ်းမှု နွေရာသီသင်တန်းကို မေလ ၂ ရက်မှ ၁၂ ရက်နေ့အထိ ပထမအသုတ်နှင့် မေလ ၁၅ ရက်မှ ၂၆ နေ့အထိကို ဒုတိယအသုတ်အဖြစ် ဖွင့်လှစ်မည် ဖြစ်ပြီး တစ်ကြိမ်လျှင် ကျောင်းသူ/သား ၁၀၀ ခန့်စီ တက်ရောက် ကြမည် ဖြစ်သည်။

“မြန်မာနိုင်ငံက အထူးသဖြင့် တိုင်းရင်းသားဒေသတွေနဲ့ ဝေးလံတဲ့ ဒေသက လူငယ်တွေရဲ့ ဒစ်ဂျစ်တယ် နည်းပညာ နားလည် တတ်ကျွမ်းမှုက အကန့်အသတ်ရှိနေသေးပါတယ်။ လူငယ်တွေဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အနာဂတ်ဖြစ်တာနဲ့ အညီ သူတို့ရဲ့ ဒစ်ဂျစ်တယ် နည်းပညာ နားလည် တတ်ကျွမ်းမှုကို မြှင့်တင်ပေးခြင်းဟာ နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အထောက်အကူ ဖြစ်စေမယ်လို့ တယ်လီနောအနေနဲ့ ယုံကြည်မိပါတယ်။ ဒါ့အပြင်လည်း ကယား ပြည်နယ်ဟာဆိုရင် မြန်မာနိုင်ငံမှာ လူဦးရေအနည်းဆုံးရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပေမယ့် ဖွံ့ဖြိုးမှု အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်။ ဒီလို အလားအလာကောင်းတွေ ပိုမိုအရှိန်ရစေဖို့ အခုလိုအစီအစဉ်ကို ကယားမှာ ရှေ့ပြေး ဆောင်ရွက်နိုင်တဲ့ အတွက် ဝမ်းမြောက်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: