iPhone မှာ မပါတဲ့ Samsung Galaxy S8 ရဲ့ စွမ်းရည် (၁၀) ခု

Samsung ရဲ့ နောက်ဆုံး ထုတ် Galaxy S8 နဲ့ S8 Plus တို့မှာ နောက်ဆုံးထုတ် iPhone မှာ မပါတဲ့ စွမ်းရည်များစွာ ပါရှိလာပါတယ်။ iPhone 7 နဲ့ 7 Plus တို့ဟာ ကမ္ဘာ့ အကောင်းဆုံး စမတ်ဖုန်းများ ဖြစ်ပေမယ့် Galaxy S8 ရဲ့ စွမ်းဆောင်ချက် အသစ်များက နှာတစ်ဖျား သာနေပါတယ်။

၁။ Iris Scanner

S8 မှာ ဖုန်းကို Unlock လုပ်ဖို့နဲ့ ဖိုင်များကို ကာကွယ်ဖို့အတွက် မျက်လုံး အာရုံခံ ကိရိယာ ပါပါတယ်။ နောက်ပိုင်းမှာ Iris Scanner ကနေ ငွေပေးချေမှုများ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ Iris Scanner ဟာ Fingerprint Scanner ထက် ပိုမို စိတ်ချရပါတယ်။ iPhone မှာ Fingerprint Scanner သာ ပါပါတယ်။

၂။ စကရင် အရွယ်အစား

S8 မှာ ၅.၈ လက်မနဲ့ S8 Plus မှာ ၆.၂ လက်မ စကရင်များ တပ်ဆင်ထားပါတယ်။ iPhone 7 မှာတော့ ၄.၇ လက်မနဲ့ iPhone 7 Plus မှာ ၅.၅ လက်မ စကရင်များသာ ပါပါတယ်။

၃။ ကြိုးမဲ့ အားသွင်း စနစ်

S8 မှာ ကြိုးမဲ့ အားသွင်း စနစ်ပါသလို လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာလည်းပါပါတယ်။ iPhone မှာတော့ ကြိုးမဲ့ အားသွင်းစနစ်နဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ မပါပါဘူး။

၄။ Headphone Jack

S8 မှာ Headphone Jack ပါတဲ့အတွက် Headphones များကို တိုက်ရိုက် ချိတ်ဆက်နိုင်ပါတယ်။ Apple ကတော့ iPhone 7 မှာ Headphone Jack ကို ဖယ်ရှားထားပြီး Headphone များ တပ်ဆင်ချင်ရင် ကြားခံ ကိရိယာတစ်ခုကို သုံးရမှာပါ။

၅။ ငွေပေးချေမှု စနစ်

Samsung Pay ကို Magnetic Credit Card Readers များမှာ သုံးနိုင်ပေမယ့် Apple Pay ကိုတော့ NFC ပါတဲ့ Credit Card Reader များမှာသာ သုံးနိုင်ပါတယ်။

၆။ VR ကို ထောက်ပံ့မှု

S8 မှာ Facebook ရဲ့ Oculus က ဖန်တီးထားတဲ့ Virtual Reality Software ပါပါတယ်။ iPhone ဟာ Google Cardboard လို VR Headsets အချို့နဲ့ တွဲဖက် သုံးနိုင်ပေမယ့် VR ကို ထောက်ပံ့တဲ့ ကိုယ်ပိုင် ဆော့ဖ်ဝဲ မပါသလို Content အပိုင်းမှာလည်း ကန့်သတ်ချက်များစွာ ရှိပါတယ်။

၇။ နှလုံးခုန်နှုန်း တိုင်းတာခြင်း

S8 ရဲ့ အနောက်ဘက်မှာ နှလုံးခုန်နှုန်း တိုင်းတာတဲ့ Sensor ပါပါတယ်။ iPhone ကို အသုံးပြု၍ နှလုံးခုန်နှုန်း တိုင်းတာချင်ရင်တော့ Apple Watch သို့မဟုတ် အခြား Accessory ကို သုံးရမှာပါ။

၈။ ကွန်ပြူတာလို သုံးနိုင်ခြင်း

S8 ကို အထူးပြုလုပ်ထားတဲ့ Dock ကနေ မော်နီတာ ၊ ကီးဘုတ်၊ မောက်စ်များဖြင့် ချိတ်ဆက်နိုင်ပြီး ဖုန်းရဲ့ Operating System ကို ကွန်ပြူတာ Operating System လို သုံးနိုင်ပါတယ်။ တစ်နည်းအားဖြင့် S8 ကို မော်နီတာနဲ့ ချိတ်ဆက်၍ ကွန်ပြူတာလို သုံးနိုင်ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းရည်ဟာ တကယ့် ကွန်ပြူတာများကို မီနိုင်မလားဆိုတာ မသိရသေးပေမယ့် စီးပွားရေး လုပ်ငန်းများ အကြိုက်တွေ့ကြမှာပါ။ iPhone မှာ ဒီလို စွမ်းရည် မရှိပါဘူး။
၉။ ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ Bixby

S8 ရဲ့ Bixby ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်က ဖုန်းကနေ ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး သင့်တော်တဲ့ သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ပါတယ်။ ဥပမာအားဖြင့် ကုန်ပစ္စည်းတစ်ခုကို ဓါတ်ပုံရိုက်လိုက်ရင် အွန်လိုင်းကနေ သူ့ကို ဝယ်ယူနိုင်မယ့် လင့်ကို ပြသမှာပါ။ တည်နေရာ တစ်ခုကို ဓါတ်ပုံ ရိုက်လိုက်ရင် အနီးအနားမှ လည်ပတ်စရာများ၊ စားသောက်ဆိုင်များကို ပြသမှာပါ။ Siri မှာ ဒီလို စမတ် ကင်မရာ စွမ်းရည် မပါပါဘူး။

၁၀။ ပိုကောင်းတဲ့ စကရင်

S8 ရဲ့ စကရင်ဟာ ပိုမို စွမ်းရည်မြင့်မားပြီး ပိုမို ကောင်းတဲ့ အရောင်များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါဟာ OLED လို့ ခေါ်တဲ့ စကရင် နည်းပညာကို Samsung က အသုံးပြုထားလို့ ဖြစ်ပါတယ်။ iPhone မှာတော့ OLED လောက် မကောင်းတဲ့ LCD ကိုသာ အသုံးပြုနေပါသေးတယ်။

ref : businessinsider

%d bloggers like this: