၂၀၂၀ ခုနှစ်မှာ တက္ကစီ ကားပျံများကို စမ်းသပ်မယ့် Uber

Uber က ၂၀၂၀ ခုနှစ်မှာ တက္ကစီ ကားပျံများဖြင့် ဝန်ဆောင်မှုပေးဖို့ လေယာဉ်ထုတ်လုပ်သူများနဲ့ ပူးပေါင်းမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ Uber က အဲဒီ ဝန်ဆောင်မှုကို အမေရိကန်နိုင်ငံ Dallas နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဒူဘိုင်းတို့မှာ စတင် စမ်းသပ်မှာ ဖြစ်ပါတယ်။

တက္ကစီ ကားပျံများကို Embraer နဲ့ Bell Helicopter အပါအဝင် လေယာဉ် ကုမ္ပဏီများနဲ့ ပူးပေါင်း တီထွင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ တက္ကစီ ကားပျံများကို ငှားရမ်းစီးနင်းတဲ့ ကုန်ကျစားရိတ်ဟာ သူ့ရဲ့ သာမာန် တက္ကစီများလောက်သာ ရှိမယ်လို့ ကုမ္ပဏီက တွက်ချက်ပါတယ်။

ကုမ္ပဏီရဲ့ တက္ကစီ ကားပျံများဟာ အီလက်ထရစ် စွမ်းအင်ကို အသုံးပြုမှာ ဖြစ်ပြီး မြေပြင်ကနေ ဒေါင်လိုက် ပျံတက်ခြင်း၊ ဝေဟင်ကနေ ဒေါင်လိုက် ဆင်းသက်ခြင်းများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အီလက်ထရစ် စွမ်းအင်ကို အသုံးပြုထားတဲ့အတွက် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဓါတ်ငွေ့များ ထုတ်လွှတ်ခြင်း မရှိသလို အသံဆူညံမှု နည်းပါးပါတယ်။ အသံဆူညံမှု နည်းပါးတဲ့အတွက် လူနေထူထပ်တဲ့ မြို့ပြများအတွက် အဆင်ပြေပါတယ်။

ကုမ္ပဏီက စမတ်ဖုန်း App ကနေ ခလုတ် တစ်ချက်နှိပ်လိုက်တာနဲ့ မြန်နှုန်းမြင့် တက္ကစီ ကားပျံကို စီးနင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ တက္ကစီ ကားပျံများဟာ ခရီးရှည် ပျံသန်းနိုင်ပြီး ခရီးသွားချိန်ကို သက်သာစေတဲ့ အားသာချက်လည်း ရှိပါတယ်။ တက္ကစီ ကားပျံဟာ ဆန်ဖရန် စစ္စကိုကနေ မရီနာနဲ့ ဆန်ဂျို့စ်ကို သွားရင် ၁၅ မိနစ်သာ ကြာမြင့်ပြီး ကားလမ်းကနေ သွားရင် ၂ နာရီ ကြာမြင့်ပါတယ်။ တက္ကစီ ကားပျံရဲ့ ခရီးစားရိတ်ကလည်း သက်သာပြီး တစ်မိုင်လျှင် ၁.၃၂ ဒေါ်လာသာ ကျသင့်မှာပါ။

ကုမ္ပဏီက World Expo 2020 အမီ တက္ကစီ ကားပျံကို ဝန်ဆောင်မှုပေးဖို့ ဒူဘိုင်း အစိုးရနဲ့ ဆွေးနွေးနေပါတယ်။ Uber ဟာ အမေရိကန်မှာ အလိုအလျှောက် မောင်းနှင်တဲ့ တက္ကစီများကိုလည်း စမ်းသပ်နေပါတယ်။

ref : bbc

%d bloggers like this: