ကျေးလက် ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှု မြင့်မားလာစေရေး အတွက် နွေရာသီ ဒစ်ဂျစ်တယ်သင်တန်း ဖွင့်လှစ်

တယ်လီနော မြန်မာလီမိတက် (တယ်လီနော)သည် ဝေးလံသည့် တိုင်းရင်းသား ဒေသများတွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းများကို စမ်းသပ်ဖွင့်လှစ်နိုင်ရန် ပြင် ဆင်မှု အဖြစ် သီတင်းတစ်ပတ်ကြာ ဆရာဖြစ်သင်တန်းတစ်ခုကို ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

ယင်းဆရာဖြစ် သင်တန်းကို တယ်လီနော၊ ယင်းနှင့် လုပ်ငန်းလက်တွဲလုပ်ကိုင်လျက်ရှိသည့် ဖွံ့ဖြိုးမှု အတွက် အိုင်စီတီအဖွဲ့(MIDO) နှင့် ကယားနှင့် မန္တလေးရှိ တယ်လီနော အလင်းအိမ် အိုင်စီတီ နည်းပညာဖွံ့ဖြိုးရေးစင်တာ လုပ်ငန်းရှင်တို့နှင့် ပူးပေါင်း ဖွင့်လှစ်လိုက်ခြင်း ဖြစ် သည်။

ယင်းပထမအကြိမ် ဆရာဖြစ်သင်တန်းကို တက္ကသိုလ်ပြီးဆုံးပြီးကာစ အများစုပါဝင်သည့် ကယားပြည်နယ်မှ လူငယ် ၁၀ ဦး တက်ရောက်လျက်ရှိပြီး ၎င်းတို့၏ စာသင်ကြားမှု အရည်အသွေးများ တိုးတက်စေရန် စာသင်ကြားမှု နည်းနာများ မိတ်ဆက် ပေးခြင်းနှင့် ဒစ်ဂျစ်တယ် နည်းပညာ နားလည်တတ်ကျွမ်းမှု ပိုမိုမြင့်မားစေရန် သင်တန်းတစ်လျောက် လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ဆရာဖြစ် သင်တန်းသူ/သား များသည် ကွန်ပျူတာနှင့် စမတ်ဖုန်း အခြေခံ ကျွမ်းကျင်မှု၊ လူမှုကွန်ရက် မိတ်ဆက်နှင့်ဘေးကင်းသော အင်တာနက် အသုံးပြုမှု စသည်တို့ကိုပါ လေ့လာသင်ယူကြရမည် ဖြစ်သည်။

လူငယ် သင်တန်းသူ/သားများ၏ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းအထောက်အကူဖြစ်စေရန် အတွက်လည်း အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် ရှာဖွေသည့် နည်း စနစ်များနှင့် အလုပ်လျှောက်လွှာ ရေးသားနည်းများကို ပါ လမ်းညွှန် ပြသပေးသွားမည် ဖြစ်သည်။

သင်တန်းသူ/သားများသည် သင်တန်းပြီးဆုံးပါက အောင်မြင်ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ရရှိကြမည် ဖြစ်ပြီး ကယားပြည်နယ်တွင် မေလအတွင်း ရှေ့ပြေးစမ်းသပ်ဖွင့်လှစ်မည့် ပထမဆုံးအကြိမ် နွေရာသီဒစ်ဂျစ်တယ် နည်းပညာ သင်တန်း၌ ပါဝင်သင်ကြားကြမည် ဖြစ်သည်။

ယခု ရှေ့ပြေးအစီအစဉ်တွင် ပါဝင် သင်ကြားပေးကြမည့် လူငယ် ဆရာများ ခေါ်ယူမှုကို ပြီးခဲ့သည့် မတ်လအစောပိုင်းကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး လူငယ်များ၏ ဒစ်ဂျစ်တယ် နည်းပညာ သိနား လည်မှု နှင့် စာသင်ကြားပေးနိုင်မှု အခြေအနေတို့ပေါ် မူတည်ရွေးချယ်ထားခြင်း ဖြစ်သည်။

ထို့ပြင် အရေးအကြီးဆုံး အချက်မှာ ၎င်းတို့သည် သီတင်းတစ်ပတ်ကြာ ဆရာဖြစ်သင်တန်းကို ဦးစွာ ပြီးမြောက်ပြီးပါက အခြေခံ ကျောင်းသူ/သားများ အတွက် ဖွင့်လှစ်ပေးမည့် တစ်လကြာ နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းတွင် ပါဝင်သင်ကြားပေးနိုင်မှု ဖြစ်သည်။

“ဒီအစီအစဉ်ကနေပြီးတော့ ကျောင်းပြီးစ လူငယ်တွေ၊ ဒေသခံတွေကို သူတို့ရဲ့ အရည်အသွေးတွေ တိုးတက်အောင်နဲ့ လက်တွေ့အတွေ့အကြုံတွေပါရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ကျောင်းပိတ်ရက်ကာလမှာ ကျောင်းသူ ကျောင်းသားတွေ ကို အခြေခံ ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ရင်းနှီးကျွမ်းဝင် ကောင်းမွန်စွာ အသုံးချတတ်အောင် ကူညီသင်ကြားပေးခြင်းဟာ နောင်တစ်ချိန်မှာ ကိုယ့်ရပ်ရွာ တိုးတက် ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဒစ်ဂျစ်တယ် နည်းပညာ သိနားလည်မှု တိုးတက်မြင့်မားအောင် ဆောင်ရွက်တာဟာ ဒေသတွေရဲ့ ဒစ်ဂျစ်တယ် နည်းပညာ အသုံးချမှု ကွာဟချက်ကို လျှော့ချနိုင်စေယုံသာမက အခြားဒေသတွေရဲ့ ဖွံ့ဖြိုးမှုကို အမှီလိုက်နိုင်ဖို့ အထောက်အကူပြုတယ်လို့ တယ်လီနောအနေနဲ့ အခိုင်အမာ ယုံကြည်ထားပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြား ခဲ့ကြောင်းသိရသည်။

%d bloggers like this: