လေကနေ သောက်ရေသန့် ထုတ်ပေးမယ့် ကိရိယာ

MIT နဲ့ Berkeley တက္ကသိုလ်များမှ သိပ္ပံပညာရှင်များက ရေခိုးရေငွေ့များကနေ သောက်ရေသန့် ထုတ်ပေးမယ့် ကိရိယာ တစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ ကိရိယာဟာ နေရောင်ခြည် စွမ်းအင်ဖြင့် မောင်းနှင်တာ ဖြစ်ပါတယ်။ အဲဒီ ကိရိယာဟာ လက်ရှိမှာ နမူနာ အဆင့်သာ ရှိသေးပေမယ့် လက်တွေ့ကမ္ဘာမှာ အသုံးပြုလို့ ရနေပါပြီ။

“ အနာဂတ်မှာ အခမဲ့ ရရှိတဲ့ နေရောင်ခြည် စွမ်းအင်ကို အသုံးပြု၍ နေအိမ်များအတွက် လေထုကနေ သောက်ရေသန့်ကို ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အခု တီထွင်မှုဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်စေမှာ ဖြစ်ပါတယ်။ ဒါကို Personalized Water လို့ ခေါ်ချင်ပါတယ်။ “ လို့ တီထွင်သူများထဲမှ အကြီးအကဲ တစ်ဦး ဖြစ်သူ Omar Yaghi က ပြောပါတယ်။

အဲဒီ ကိရိယာဟာ နေရောင်ခြည် အနည်းငယ်သာ ရရှိရုံနဲ့ ပမာဏများပြားတဲ့ သောက်ရေသန့်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကိရိယာဟာ သေးငယ်ပြီး အသုံးပြုရ လွယ်ကူတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ သောက်ရေသန့်ကို ထုတ်လုပ်ပေးတဲ့အတွက် လူသန်းပေါင်းများစွာရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

လေထု စိုထိုင်းမှု ၂၀ ကနေ ၃၀ ရာခိုင်နှုန်းသာ ရှိတဲ့ ပတ်ဝန်းကျင်မှာ ၁၂ နာရီအတွင်း သောက်ရေသန့် ၃ လီတာလောက်ကို ကိရိယာက ထုတ်လုပ်ပေးနိုင်ပါတယ်။ Yaghi နဲ့ သူ့အဖွဲ့က အနာဂတ်မှာ ကိရိယာရဲ့ စွမ်းရည်ကို ပိုမိုတိုးတက်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ သူတို့က သဲကန္တာရများမှာတောင် ကိရိယာကနေ သောက်ရေသန့် ထုတ်လုပ်နိုင်ဖို့ တီထွင်မှာ ဖြစ်ပါတယ်။

ref : tnw

%d bloggers like this: