Apple က Selfie Drone ကို ရောင်းပြီ

Drone များဟာ လူကြိုက်များ ရေပန်းစားနေတဲ့အတွက် Apple ကလည်း သူ့ရဲ့ အွန်လိုင်းနဲ့ မြေပြင်အရောင်းဆိုင်များမှာ Hover Camera Passport Drone ကို ရောင်းချပေးလိုက်ပါတယ်။ Zero Zero Robotics က တီထွင်ထားတာ ဖြစ်ပြီး ကာဗွန်ဖိုက်ဘာကို အသုံးပြုထားတဲ့အတွက် ပေါ့ပါးပါတယ်။

Hover Camera Passport Drone ဟာ Selfie ဓါတ်ပုံများ ရိုက်ကူးဖို့အတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ ၂၄၂ ဂရမ် အလေးချိန်ရှိပြီး ခေါက်ချိုးနိုင်တဲ့အတွက် သွားလေရာ ယူသွားနိုင်ပါတယ်။ အရွယ်သေးငယ်ပေမယ့် စွမ်းဆောင်ရည်မြင့်မားပြီး တစ်နာရီလျှင် ၁၇ မိုင်နှုန်း မောင်းနှင်နိုင်ပါတယ်။ သူက လူ့မျက်နှာနဲ့ ကိုယ်ခန္တာကို အာရုံခံနိုင်ပါတယ်။ 4K Video များ ရိုက်ကူးနိုင်တဲ့ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ၃၆၀ ဒီဂရီ Panorama Video များကိုလည်း ရိုက်ကူးနိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် ၁၀ မိနစ် မောင်းနှင်နိုင်ပါတယ်။

Zero Zero Robotics က သူ့ရဲ့ Drone ဟာ Apple Final Cut Pro , iMovie Editing Software များနဲ့ တွဲဖက် အလုပ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ Drone မှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Drone နဲ့ တွဲဖက် အသုံးပြုဖို့ iOS App ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ App ကနေ ဗီဒီယို တည်းဖြတ်ခြင်းနဲ့ Drone Settings များကို ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဒေါ်လာ ၅၀၀ ဖြင့် Drone ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။

ref : 9to5mac

%d bloggers like this: