ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့ စက်ရုပ်များ များပြားလာတော့မယ့် ဆန်ဖရန် စစ္စကို

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုရှိ လူသွားလမ်း ပလက်ဖောင်းများမှာ စက်ရုပ်များကို ပိုမိုတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ Yelp ရဲ့ Eat24 အမည်ရ အစားအစာများ သယ်ယူပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုဟာ စက်ရုပ်ကုမ္ပဏီ Marble နဲ့ ပူးပေါင်း၍ ဆန်ဖရန် စစ္စကိုမှာ စက်ရုပ်များဖြင့် ပို့ဆောင်မှုကို စမ်းသပ်တော့မှာ ဖြစ်ပါတယ်။

သူတို့ရဲ့ စက်ရုပ်များဟာ သယ်ယူပို့ဆောင်မယ့် ကုန်ပစ္စည်း အရွယ်အစားအပေါ် မူတည်၍ အရပ်အမြင့် ၃ ပေ ဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။ Marble ရဲ့ စက်ရုပ်များဟာ သူ့လိုပဲ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးတဲ့ Starship Technology ရဲ့ စက်ရုပ်များလောက် ကြည့်ကောင်းခြင်းတော့ မရှိပါဘူး။ Starship Technology ရဲ့ စက်ရုပ်များဟာလည်း အမေရိကန် မြို့များစွာမှာ ကုန်ပစ္စည်းများ သယ်ဆောင်ပေးနေပါတယ်။ Marble ရဲ့ စက်ရုပ်များက ရုံးသုံး ပရင်တာများနဲ့ ဆင်တူပါတယ်။

လက်ရှိမှာတော့ Marble ရဲ့ စက်ရုပ်များ သွားတဲ့ ခရီးလမ်းမှာ ဝန်ထမ်းတစ်ယောက်က လိုက်ပါ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ စက်ရုပ်များကို လူသွားလမ်းမှာ နေရာမယူအောင်လည်း ဖန်တီးထားပါတယ်။ စက်ရုပ်များမှာ Sensors များ တပ်ဆင်ထားပြီး လူများ၊ အရာဝတ္ထုများနဲ့ အတားအဆီးများကို ရှောင်သွားနိုင်ကြပါတယ်။ Marble က ဆန်ဖရန် စစ္စကို လူသွားလမ်းများရဲ့ သုံးဖက်မြင် မြေပုံ ဒေတာများကို လများစွာကြာ ကောက်ယူခဲ့ပြီး ဖြစ်ပါတယ်။

စက်ရုပ်မှ ကုန်ပစ္စည်းထည့်သွင်းထားတဲ့ အခန်းကို ကုမ္ပဏီက မှာယူသူအား ပေးပို့ထားတဲ့ ကုဒ်ဖြင့်သာ ဖွင့်နိုင်ပါတယ်။ ဗာဂျီးနီးယားမှာတော့ စက်ရုပ်များဖြင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းကို ဥပဒေအရ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဆန်ဖရန် စစ္စကိုမှာတော့ မြို့တော်ရဲ့ ပါမစ်ဖြင့်သာ ခွင့်ပြုထားခြင်း ဖြစ်ပြီး ဥပဒေအရ ခွင့်ပြုပေးဖို့ ဆွေးနွေးနေကြပါတယ်။

ref : mashable

%d bloggers like this: