နေ့စဉ်လူမှုဘဝအတွက် WowBox app အား မြန်မာနိုင်ငံတွင် မိတ်ဆက်

Telenor Myanmar မှ မြန်မာနိုင်ငံရှိ တယ်လီနော သုံးစွဲသူများ၏ နေ့စဉ်လူမှုဘဝအတွက် အထောက်အကူပြုမည့် WowBox app အား ယနေ့တွင် တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ app အသုံးပြုရန်မှာ အခမဲ့ဖြစ်ပြီး ပြည်တွင်းမှအကြောင်းအရာများ၊ ပြိုင်ပွဲ အစီ အစဉ်များနှင့် အနုပညာသတင်းများကို တစ်နေရာတည်းတွင် ရယူကြည့်ရှုနိုင်မည် ဖြစ်သည်။ တယ်လီနောသုံးစွဲသူ များအား ဖေဖော်ဝါရီလမှ စတင်၍ WowBox ကို အစမ်းသုံးစွဲခွင့်ပြုခဲ့ပြီး ပြည်တွင်းတွင် တရားဝင်မိတ်ဆက်ခြင်း မပြုမီ ကတည်းက Google Play တွင် ရေပန်းစားသော app တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

“မြန်မာနိုင်ငံမှာ WowBox ကို အစောပိုင်းထဲက သုံးစွဲမှု မြင့်မားနေတာဟာ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ် လူနေမှုဘဝကို ပိုမိုကောင်းမွန်စေနိုင်ဖို့ ဆိုတဲ့ တယ်လီနောရဲ့ ရည်မှန်းချက်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ခေတ်သစ်က အစောပိုင်းကာလမှာသာ ရှိနေသေးပေမယ့် WowBox ရဲ့ လျင်လျင်မြန်မြန် ကြီးထွားလာမှုက ဒီဒစ်ဂျစ်တယ် ကမ္ဘာထဲရဲ့ အလားအလာက အများကြီး ရှိတယ်ဆိုတာကိုလည်း ပြသနေပါတယ်”ဟု တယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့သည်။

WowBox တွင် ပါသော အကြောင်းအရာအားလုံးကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် သီးသန့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယခု app၌ ဖော်ပြရန် သီးသန့်ရေးသားထားသော အထူးဆောင်းပါးသစ် အနည်းဆုံး ၁၀ ပုဒ်ကို နေ့စဉ်နေ့တိုင်း ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ယခု app တွင်နှလုံးသားရေးရာ အကြံပေးချက်များ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ဟာသများ၊ နေ့စဉ်သတင်းများနှင့် ဖက်ရှင် အလှအပဆိုင်ရာ အကြံပြုချက်များမှာ လူကြိုက်များသည့် ခေါင်းစဉ်များ ဖြစ်သည်။

“သုံးစွဲသူတွေအနေနဲ့ WowBox ကနေ တစ်ဆင့် ပြည်တွင်းသတင်းတွေနဲ့ ဖျော်ဖြေမှုဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ ရရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အလွယ်တကူ လေ့လာပြီး ကလစ်တစ်ခါနှိပ်ယုံနဲ့တင် အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်”ဟု Myrthong က ထပ်လောင်း ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: