Ookla က ချီးမြှင့်တဲ့ မြန်မာ့ အမြန်ဆုံး မိုဘိုင်း အင်တာနက်ဆု (၂၀၁၆) ကို MPT ရရှိ

ကမ္ဘာ့နေရာ အနှံ့အပြားက နိုင်ငံအသီးသီး ဒေသအသီးသီး အင်တာနက်မြန်နှုန်းတွေကို တိတိကျကျ ခွဲခြမ်းစိတ်ဖြာ ပေးလျက်ရှိတဲ့ ဝါရှင်တန် အခြေစိုက် Ookla ရဲ့ Speedtest.net website မှာ (၂၀၁၆) ခုနှစ်အတွင်း မြန်မာပြည်ရဲ့ အမြန်ဆုံး မိုဘိုင်း အင်တာနက် ကွန်ရက်ဆုကို MPT က ရရှိကြောင်း ဖော်ပြထားပါတယ်။

အင်တာနက်မြန်နှုန်းစစ်ဆေးမှုတွေမှာ ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Ookla က အဆင့်မြင့်နည်းပညာ များကိုအသုံးပြုကာ မြန်မာနိုင်ငံအတွင်းက အော်ပရေတာ တစ်ခုချင်းစီရဲ့ အမြန်နှုန်းတွေကို စစ်ဆေးအကဲဖြတ်ခဲ့ပြီး တိကျမှန်ကန်တဲ့ ရလဒ်ကိုရရှိဖို့အတွက် (၆) လကျော်ကြာ အချိန်ယူ အကဲဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်အရ Download Speed 7.40Mbps နဲ့ Upload Speed 2.71Mps ရှိတဲ့ MPT က အခြား မိုဘိုင်းကွန်ရက်တွေထက် သာလွန်နေတဲ့အတွက် ပထမအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

MPT-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ MPT အနေနဲ့ မြန်မာ့အမြန်ဆုံးအင်တာနက်ကွန်ရက်ဆု ကိုပေးအပ်ခြင်းခံရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ဒီဆုက MPT သုံးစွဲသူတွေအတွက် အကျယ်ပြန့်ဆုံးနဲ့ အကောင်းဆုံး မိုဘိုင်း ကွန်ရက်ကို ပေးစွမ်းနိုင်ဖို့ အားထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုလုပ်တာပဲဖြစ်ပါတယ်။ အခုလို မြန်မာ့အမြန်ဆုံး အင်တာနက်ကွန်ရက် အဖြစ် အမည်တပ် ခံလိုက်ရတာဟာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး တကယ့်ကိုကြီးကျယ်တဲ့ အသိအမှတ်ပြုထောက်ခံမှု တစ်ခုကို ရလိုက်တာပဲဖြစ်ပါတယ်။အစိုးရကနေ အော်ပရေတာ အားလုံးကို လှိုင်းနှုန်းစဉ် အသစ်ချပေးပြီးတာနဲ့ တစ်ပြိုင်နက် အခုကတည်းက စတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ 4G ကွန်ရက်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ တိုးတက်မှုတွေနဲ့အတူ MPT ကို ၂၀၁၇ ခုနှစ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Ookla ရဲ့ COO ဖြစ်သူ Jamie Steven ကလည်း “ ကျွန်တော်တို့အနေနဲ့ MPT ကို မြန်မာ့အမြန်ဆုံး အင်တာနက်ကွန်ရက်ဆုကို အခုလို ချီးမြှင့်ပေးအပ်နိုင်ခဲ့တဲ့ အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ ဒီလို ချီးမြှင့်နိုင်ခဲ့ခြင်းတာလည်း သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့နေ့စဉ်ဘဝမှာ MPT ကိုအသုံးပြုပြီး မိမိတို့ရဲ့ Download speed ဘယ်လောက်ရရှိလဲဆိုတာကို ပြသခဲ့တဲ့ သက်သေအထောက်အထားတစ်ခုလို့လည်း ပြောနိုင်ပါတယ်” ဟုပြောကြားခဲ့ပါသေးတယ်။

Ookla အနေနဲ့ အခုလို သုံးစွဲသူ ဗဟိုပြု စမ်းသပ်မှုတွေကို အချိန်အတိုင်းအတာ တစ်ခုအတွင်း နိုင်ငံ တစ်ဝှမ်းလုံး အနေအထားနဲ့ ဒေတာကောက်ကူခဲ့ခြင်းဖြစ်ပြီး သုတေသန လေ့လာချက်အရတွေ့ ရရှိလာတဲ့ ရလဒ် အပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်တဲ့အတွက် တစ်ဦးချင်းရရှိတဲ့ ရလဒ်တွေနဲ့တော့ ကွဲပြားမှုရှိနိုင်ကြောင်း MPT က ရှင်းလင်းပြောကြားထားပါတယ်။

%d bloggers like this: