ရခိုင်ပြည်နယ်၏ ပထမဆုံး တယ်လီနော အလင်းအိမ်စင်တာဖွင့်လှစ် 

တယ်လီနော မြန်မာလိမိတက် ၏ ၆၄ ခုမြောက် အလင်းအိမ် အိုင်စီတီ နည်းပညာဖွံ့ဖြိုးရေးစင်တာ ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

အလင်းအိမ်စင်တာများ ဖွင့်လှစ်ပေးခြင်းမှာ ကျေးလက်နှင့် မြို့ပြ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု ကွာဟချက်ကို လျှော့ချနိုင်စေရေးအတွင် အထောက်အကူပြုရန် တယ်လီနော၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ စမတ်ဖုန်းခေတ်ကို ခုန်ပျံကျော်လွှား ရောက်ရှိလာတာဖြစ်လို့ နိုင်ငံတွင်းက စမတ်ဖုန်းသုံးစွဲသူအများစု ဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှုတွေ အတွက် စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားကို အပြည့်အဝကို အသုံးမချနိုင်ကြသေးဘူးဆိုတာကို အထောက်အထားများစွာက ညွှန်ပြနေပါတယ်။ တယ်လီနောရဲ့ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးမှု အစီအစဉ်အနေနဲ့ အခွင့်အလမ်းနည်းပါးတဲ့ ကျေးလက်နေပြည်သူတွေအတွက် စမတ်ဖုန်းအခြေပြု ဒီဂျစ်တယ်နည်းပညာတွေကို စင်တာမှာ သင်ကြားပေးမှုအပြင် ကျေးလက်ဒေသတွေကို ကွင်းဆင်းသွား ရောက်တာ၊ အွန်လိုင်း သင်ခန်းစာတွေက တစ်ဆင့် သင်ကြားပေးတာ စတာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်”ဟု တယ်လီနောမြန်မာ ရေရှည်တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ တာဝန်ခံ ဦးမင်းသူက ပြောကြားခဲ့သည်။

တယ်လီနော၏ အလင်းအိမ်စင်တာများသည် နိုင်ငံတစ်ဝှမ်းရှိ မြို့ပြနှင့်ကျေးလက် လူမှု အသိုက် အဝန်းများကို စီးပွားရေးနှင့် လူမှုရေးအတွက် အကျိုး ဖြစ်ထွန်းစေမည့် သတင်းအချက်အလက်များ ရရှိအသုံးချစေနိုင်ရေး အသိပညာပေးမည့် လူမှု အကျိုးပြု လုပ်ငန်းအဖွဲ့အစည်းများ ဖြစ်သည်။

လက်ရှိတွင် တယ်လီနောအလင်းအိမ်များသည် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ၁၂ ခုနှင့် နေပြည်တော်တို့တွင် လူမှုအကျိုးပြုဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မကုန်မီ အလင်းအိမ်ပေါင်း ၂၀၀ ခုထိ ဖွင့်လှစ်သွားရန်လည်း ရည်မှန်းထားသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် အလင်းအိမ်များကို ဖွင့်လှစ် တည် ထောင်ရန် အတွက် ဖွံ့ဖြိုးမှု အတွက် အိုင်စီတီအဖွဲ့(MIDO)နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်းသိရသည်။

အလင်းအိမ်စင်တာများကို ဒေသခံ လုပ်ငန်းရှင်များက ဦးစီးဆောင်ရွက်ပြီး ပြည်သူများအတွက် အကျိုးရှိစေမည့် အချက် အလက် ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်တတ်မြောက်ရေးသင်တန်းများကိုပေးအပ်နိုင်သည့် လူမှု စီးပွားရေး လုပ်ငန်းတစ်ခုကို မည်သို့ မည်ပုံလည်ပတ်အောင် ဆောင်ရွက်နိုင်မည်ကို  ဒေသခံလုပ်ငန်းရှင်များအား တယ်လီနောနှင့် MIDO တို့က လေ့ကျင့်သင်ကြားပေး သည်။

“ကျွန်တော်တို့ ဒေသမှာ  အင်တာနက်ရဲ့ အကျိုးကျေးဇူးနဲ့ ဘယ်လို ဘေးကင်းလုံခြုံအောင် အသုံးပြုရမလဲဆိုတာကို မသိတဲ့ သူများပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသမှာရှိတဲ့ သူတွေအားလုံးကို အင်တာနက်ရဲ့ကောင်းကျိုးတွေကို ဖုန်းတွေပေါ်က သာမက ကွန်ပျူတာပေါ်ကပါ ဘယ်လိုလေ့လာဆည်းပူးရမလဲ ဆိုတာကို သင်ပေးချင်တယ်၊ ဒီဂျစ်တယ်နည်း ပညာတွေကို တတ်စေချင်ပါတယ်။အဲဒါကြောင့်လဲ အလင်းအိမ်စင်တာကို ဖွင့်ခဲ့တာပါ။ အမြန်ဆုံး  နည်းပညာ ပြန့်ပွားဖို့အတွက် ပထမဆုံး အနေနဲ့ ဆရာ/ဆရာမတွေကို အရင်သင်တန်းပေးဖို့ ရည်ရွယ်ထားပါတယ်။ သူတို့တွေက တစ်ဆင့် ကျောင်းသား တွေ အများကြီးကို ပြန်ပြီးလက်ဆင့်ကမ်းနိုင်တယ်လေ။ တဖြည်းဖြည်းချင်းနဲ့တော့ ကိုယ့်ဒေသက လူတွေအားလုံးကို ဒီဂျစ်တယ် နည်းပညာတွေ တက်ကျွမ်းသွားအောင် ကူညီသွားမှာပါ။ သူတို့ ဒီလိုတတ်မြောက်လာကြရင် မြို့ပြက ပြည်သူတွေနည်းတူ အခွင့်အလမ်းတွေ ရလာကြမယ်လို့ ယုံကြည်ပါတယ်။ ကျနော်အနေနဲ့လည်း ဒီအလင်းအိမ်က တစ်ဆင့် မိမိ တတ်စွမ်းတဲ့ ပညာကို ဖြန့်ဖြူးနိုင်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်”ဟု ရသေ့တောင်မြို့နယ် အလင်းအိမ်စင်တာ တာဝန်ခံ ဦးမြတ်ထွန်း က ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: