Telenor က အဆင့်မြှင့်ထားသော ကျန်းမာရေးဆိုင်ရာ မိုဘိုင်းလ် App ကို ဝေးလံတဲ့ဒေသများမှာ မိတ်ဆက်

ဝန်ဆောင်မှုများ ရရှိရန်ခက်ခဲသည့် ဒေသများရှိ ပြည်သူများအနေဖြင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ အကြံဉာဏ်များကို အလွယ်တကူရရှိနိုင်စေရန် ထပ်လောင်းကြိုးပမ်းမှုအဖြစ် တယ်လီနော၏ နောက်ဆုံးထုတ် ကျန်းမာရေးဆိုင်ရာ မိုဘိုင်း အပလီကေးရှင်း ‘Mate’ ကို ဝေးလံသည့် ဒေသများတွင် နေထိုင်သူ များအတွက် စတင်မိတ်ဆက်ပေးလျက်ရှိကြောင်းသိရသည်။

ယင်းအပလီကေးရှင်းကို မာရီစတုပ်စ် – မြန်မာ နှင့် ပူးပေါင်း ရေးဆွဲ ထားခြင်း ဖြစ်ပြီး “ကျေးရွာတွေနဲ့ တောတောင်ထူထပ်တဲ့ ဒေသတွေမှာ နေထိုင်သူတွေအတွက် ကျန်းမာရေးအခြေခံအဆောက်အအုံတွေ ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေ ရယူသုံးစွဲဖိုရာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ အဲ့ဒီလို အခက်အခဲတွေကြုံနေရတဲ့သူတွေ အိမ်ထောင်စုတွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေဖို့ အခု အပလီ ကေးရှင်းကို မိတ်ဆက်ပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ တယ်လီနောရဲ့ မိုဘိုင်းကွန်ရက်ဟာ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေ အားလုံးကို လွှမ်းခြုံပြီး ဖြစ်လို့ကျေးလက်နဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်သူတွေပါ အခု အပလီကေးရှင်းကို အလွယ်တကူ ရယူအသုံးပြုနိုင်မှာပါ။ လက်ရှိမှာ ဒေါင်းလုတ်ပြုလုပ်ထားမှု ၆၀၀၀၀ ကျော်ရှိနေပြီ ဖြစ်ပြီး ရယူသုံးစွဲမှု ဒီထက်ပိုမို များပြားလာမယ်လို့ မျှော်လင့်ထားပါတယ်”ဟု တယ်လီနောမြန်မာ၏ Business Sustainability တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ ၅၂ သန်းနီးပါး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ယင်းတို့အနက်အများစု မှာ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ရယူရန် အခက်အခဲရှိကြပါသည်။ မြန်မာ နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အချိုး (လူဦးရေ တစ်ထောင်အတွက် အချိုး)မှာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စံညွှန်း ဖြစ်သော ၂.၃ ဦးအောက်သာ ရှိနေပါသေးသည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ချက်ဖြင့် ကိုယ်ဝန်ဆောင် များ၊ မိခင်များ အပါအဝင် လူတိုင်းအတွက် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များကို ပေးအပ်နိုင်ရန် တယ်လီနောနှင့် မာရီစတုပ်စ် – မြန်မာ တို့ က ရည်ရွယ် ထားသည်ဟု ဆိုသည်။

ယခု အပလီကေးရှင်းကို ဖေဖော်ဝါရီလနှောင်းပိုင်းက ချင်းပြည်နယ်တွင် ကျင်းပခဲ့သော ချင်းပြည်နယ်နေ့ အခမ်းအနား အတွင်း မိတ်ဆက်ပေးခဲ့ပြီး သုံးစွဲသူ ၂၅၀ ကျော်ကို ယင်းတို့၏ မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန် ကူညီပေးခဲ့ကြောင်း သိရသည်။

Mate အပလီကေးရှင်းကို မြန်မာနိုင်ငံတွင် မေလ ၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ထားခြင်းဖြစ်ပြီး အဆင့်မြှင့်ထားသော ဗားရှင်းကို မေလ ၂၀၁၆ ခုနှစ်က ထပ်မံ မိတ်ဆက်ခဲ့သည်။ ယင်း အပလီကေးရှင်းသည် ကျေးလက်ဒေသများရှိ လူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် မိသားစုများအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးအစောင့်အရှောက်ဆိုင်ရာ အချက် အလက်များ ပါရှိပါသည်။ နောက်ဆုံးထုတ် ဗားရှင်းကို သုံးစွဲသူများ ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရန် အဆင့်မြှင့်ထားပြီး ကျန်းမာရေးဆိုင်ရာ နောက်ဆုံးရ သတင်းများလည်းပါရှိပြီး ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များ တောင်းခံနိုင်မည့် အရေးပေါ် ဖုန်းလိုင်းကိုပါ တိုက်ရိုက်ခေါ်ဆိုနိုင်မည် ဖြစ်သည်။

“Mate အပလီကေးရှင်းမှာ မိခင်နဲ့ကလေးကျန်းမာရေး အပါအဝင် တခြားလိင်နဲ့မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အကြောင်း အရာတွေ ပြည့်ပြည့်စုံစုံပါဝင်တဲ့အတွက် အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ အရမ်းကို အသုံးဝင်တဲ့ အပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ ကျန်းမာရေးဆိုင်ရာအသိပညာ၊ ဗဟုသုတတွေကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် မှားယွင်းနေတဲ့ အယူအဆတွေကိုလဲ ပြန်လည်တည့်မတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အရမ်းအဖိုးတန်တဲ့ ကျန်းမာရေးဗဟုသုတအရင်းအမြစ်တစ်ခု ဖြစ်လာဖို့မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအပလီကေးရှင်းကို မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်း (၃၇) မြို့နယ် မှာ မိတ်ဆက်ပေးခဲ့ပြီးဖြစ်တဲ့အပြင် မြို့ပေါ်မှာ သာမက ကျေးရွာ၊ ရပ်ကွက်တွေအထိပါ ကွင်းဆင်းလုပ်သားတွေနဲ့ လိုက်လံ ရှင်းလင်းပြသ ထည့်သွင်းပေးနေပါတယ်။” လို့ မာရီစတုပ်စ် – မြန်မာမှ mHealth Coordinator ဒေါက်တာခွန်သီဟက ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: