၂၀၁၇ ခုနှစ်မှာ တွေ့ရမယ့် အကောင်းဆုံး Gadgets များ

၂၀၁၇ ခုနှစ်ထဲမှာတော့ စမတ်ဖုန်း၊ VR Headsets နဲ့ စမတ်နာရီ အသစ်များစွာကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း ခရေဇီများအတွက်လည်း ဒီနှစ်ထဲမှာ ရင်ခုန်ရမယ့် စမတ်ဖုန်း အသစ်များကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ထွက်ရှိမယ့် နည်းပညာမြင့် ထုတ်ကုန်များထဲမှ အကောင်းဆုံး Gadgets ၆ ခုကို ဖော်ပြလိုက်ပါတယ်။

Apple iPhone 8

iPhone ထုတ်လုပ်ရောင်းချမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် Apple က ဖုန်းရဲ့ ဒီဇိုင်းကို လုံး၀ ဆန်းသစ်ထားမယ်လို့ မျှော်လင့်ရပါတယ်။ မော်ဒယ်တစ်ခုမှာ Liquid-Crystal LCD Display နဲ့ အခြားမော်ဒယ်တစ်ခုမှာ OLEDs တပ်ဆင်ထားနိုင်ပါတယ်။ Display များကို ဖုန်းရဲ့ ထောင့်စွန်းများအထိ ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ OLED Display များဟာ ပါးလွှာ ပေါ့ပါးပြီး LCD များထက် ကွေးညွှတ်နိုင်ပါတယ်။ Samsung Galaxy Edge Phones များမှာလည်း အဲဒီ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ Apple က ဘေးဘက် မျက်နှာပြင်ကို ထိတွေ့ခြင်းဖြင့် အလုပ်များ လုပ်နိုင်အောင် ဖန်တီးထားမှာပါ။

Samsung Galaxy S8

Samsung ဟာ Note 7 ဘက်ထရီ မီးလောင်မှုကြောင့် သိက္ခာကျခဲ့ရပါတယ်။ Samsung ရဲ့ စွမ်းဆောင်ရည်မြင့် Galaxy S8 က ကုမ္ပဏီအတွက် သိက္ခာပြန်ဆယ်ပေးနိုင်မှာပါ။ Samsung က Galaxy S8 ကို မတ်လ ၂၉ ရက်မှာ မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ ကုမ္ပဏီက အဲဒီဖုန်းမှာ သူယခင်နှစ် အောက်တိုဘာလက ဝယ်ယူထားခဲ့တဲ့ Viv ရဲ့ နည်းပညာကို အခြေခံထားတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို S8 မှာ ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ S8 မှာ အလွန် အရည်အသွေးမြင့်မားတဲ့ 4K Display နဲ့ အနောက် ကင်မရာ ၂ လုံး တပ်ဆင်ထားမှာပါ။ လုံခြုံရေးအတွက် မျက်လုံးကို ခွဲခြမ်းစိတ်ဖြာတဲ့ ကိရိယာ ပါလာနိုင်ပါတယ်။

ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်း

ဒီနှစ်ဟာ Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို မြင်တွေ့ရမယ့် နှစ် ဖြစ်လာနိုင်ပါတယ်။ Samsung က အဲဒီဒီဇိုင်းကို ဖန်တီးနေတာ နှစ်ပေါင်း များစွာ ကြာပါပြီ။ Samsung က ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့ အိုင်ဒီယာကို ဗီဒီယိုတစ်ခုဖြင့် ချပြခဲ့ပါတယ်။ ဗီဒီယိုထဲမှာ တက်ဘလက်အရွယ် စကရင်ဖြင့် စာဖတ်နိုင်သလို ခေါက်ချိုး၍ ဖုန်းအဖြစ် ပြောင်းလဲ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ Lenovo , Oppo နဲ့ ဂျပန်အခြေစိုက် Display ထုတ်လုပ်သူ JDI တို့ကလည်း Dual-Screen နဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများကို တီထွင်နေကြပေမယ့် ဈေးကွက်ထဲမှာ ရောင်းချခြင်း မရှိသေးပါဘူး။ Samsung က အဲဒီဈေးကွက်မှာ ပွဲဦးထွက်လာနိုင်ပါတယ်။

Microsoft Surface Phone

Microsoft ရဲ့ စီအီးအို ဖြစ်သူ Satya Nadella က ကုမ္ပဏီဟာ အလွန် စွမ်းရည်မြင့်မားတဲ့ မိုဘိုင်း ကိရိယာကို တီထွင်နေတယ်လို့ ပြောပါတယ်။ Surface Series တွေထဲမှာ စမတ်ဖုန်းကို ထုတ်လုပ်ခြင်း မရှိသေးတဲ့အတွက် ဒီနှစ်မှာ Surface Phone ကို မိတ်ဆက်နိုင်ပါတယ်။ အခြား Surface Device များမှာလို သတ္တုကိုယ်ထည် တပ်ဆင်ထားမှာပါ။ Windows 10 ထည့်သွင်းထားပြီး External Keyboard, Monitor, Mouse များဖြင့် ချိတ်ဆက်နိုင်မှာပါ။

HTC Vive 2 VR Headset

HTC ရဲ့ Vive VR Headset ဟာ စတင်ဖြန့်ချီခဲ့တဲ့ ယခင်နှစ် ဧပြီလ ကတည်းက လူကြိုက်များခဲ့ပါတယ်။ သူ့ရဲ့ မျိုးဆက်သစ် Headset မှာ ပီစီနဲ့ Headset ကို ကြိုးဖြင့် ချိတ်ဆက်စရာ မလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Headset ကို Vive 2 VR လို့ အမည်ပေးနိုင်ပါတယ်။ နည်းပညာ ကုမ္ပဏီငယ်များကလည်း Headset ကို ကြိုးမဲ့ သုံးနိုင်တဲ့ Accessories များကို တီထွင်နေကြပါတယ်။ HTC က အဲဒီ စွမ်းဆောင်ချက်ကို Vive 2 မှာ ထည့်သွင်းပေးနိုင်ပါတယ်။

Android Wear 2.0 Smartwatches

ယခင်နှစ်မှာတော့ စမတ်နာရီများ ရောင်းအားကောင်းခဲ့ပါတယ်။ ဒီနှစ်မှာလည်း Android Wear 2.0 ထည့်သွင်းထားတဲ့ စမတ်နာရီ အသစ်များကို မြင်တွေ့ရနိုင်ပါတယ်။ Android Wear 2.0 ဟာ Google ရဲ့ နောက်ဆုံးထုတ် ဗားရှင်း ဖြစ်ပါတယ်။ ဗားရှင်းအသစ်မှာ စမတ်ဖုန်းကို မှီခိုစရာ မလိုဘဲ စမတ်နာရီရဲ့ Bluetooth, Cellular , WiFi များကနေ Apps များကို ဒေါင်းလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ iPhone ပိုင်ရှင်များကလည်း Android Wear Devices များကို အသုံးပြုနိုင်ကြမှာပါ။

ref : technology review

%d bloggers like this: